ပရီးမီးယားလိဂ်မှာ ဒိုင်တွေက VARကို လိုသလို သုံးစွဲနေတယ်လို့ တန်ဟက်ဂ် ဝေဖန်

မတ်၊ ၁၃

ဒိုင်လူကြီးကို ဗီဒီယိုနဲ့ ထောက်ပံ့ကူညီတဲ့ ဗီဒီယို နည်းပညာ (VAR)ကို ပရီးမီးယားလိဂ်မှာ လိုသလို သုံးစွဲနေတယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ဝေဖန်သွားခဲ့ပါတယ်။

မတ် ၁၂ ရက်က ယူနိုက်တက်နဲ့ ဆောက်သမ်တန်တဲ့ ယှဉ်ပြိုင်ကြပြီး ဂိုးမရှိ သရေနဲ့ ပွဲပြီးခဲ့ပါတယ်။ အဲဒီပွဲစဉ် ပထမပိုင်းမှာ ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ပြိုင်ဘက်ဖြစ်သူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ဘောလုံးဝင်ဖျက်ပုံ ကြမ်းတမ်းကြောင်း ကွင်းလယ်ဒိုင် အန်သိုနီ တေလာက VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့တဲ့နောက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ မူလက တေလာဟာ ကက်စ်မဲရိုးကို အဝါကတ်သာ ပြခဲ့ပေမယ့် ဖြစ်စဉ်ကို ပြန်ကြည့်ဖို့ VARဒိုင် အန်ဒရီ မာရီနာက လှမ်းအကြံပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီပွဲမှာပဲ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ဆောက်သမ်တန်ရဲ့ ပင်နယ်တီ ဧရိယာထဲမှာ လူချ ကစားခဲ့တာ၊ ဆောက်သမ်တန် ခံစစ်သမား အာမဲလ် ဘယ်လာ ကော့ချပ်က ပင်နယ်တီ ဧရိယာထဲမှာ လက်ထိခဲ့တာတွေကိုတော့ VARနဲ့ ပြန်တိုက်ဆိုင် စစ်ဆေးတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။

အခုသီတင်းပတ်ထဲမှာပဲ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ဖီးလစ်ကို လက်စတာစီးတီး နောက်ခံလူ ရီကာဒို ပီရဲရားက ကက်စ်မဲရိုးနဲ့ ပုံစံတူ ပြစ်ဒဏ်မျိုး ကျူးလွန်ခဲ့ပေမယ့် အရေးယူ ခံရတဲ့ အခြေအနေကနေ ကင်းလွတ်ခဲ့ပါတယ်။

တန်ဟက်ဂ်က VARနဲ့ ပတ်သက်ပြီး သူခံစားမိလာတာက တပြေးညီ မဖြစ်ဘူးဆိုတဲ့ သဘောမျိုးလို့ ပြောပါတယ်။ အခုဆိုရင် VARက လိုသလို ယူသုံးတဲ့အဆင့် ဖြစ်လာပြီး ကစားသမားတွေက VARနဲ့ ပတ်သက်တဲ့ မူဝါဒတွေကိုတောင် နားမလည်တော့ဘူးလို့လည်း နယ်သာလန်သား မန်နေဂျာက ဆိုတယ်။ 

ဖြစ်စဉ်ချင်း တူတာတောင် ချဲလ်ဆီးနဲ့ပွဲမှာ VARက အသက်ဝင်မလာဘဲ အခုပွဲကျမှ VARကို ထုတ်သုံးခဲ့ကြောင်း၊ နောက်တခါ ဒီပွဲမှာ ယူနိုက်တက် ပင်နယ်တီ ရနိုင်လောက်တဲ့ အခြေအနေ နှစ်ခုကိုလည်း VARနဲ့ ပြန်မဆန်းစစ်ခဲ့ကြောင်း၊ အထူးသဖြင့် လက်ထိဘောက အရမ်းထင်ရှား မြင်သာနေလျက်သားနဲ့ VAR ပြန်မကြည့်တာကို ဘယ်လိုမှ နားမလည်နိုင်ကြောင်း၊ အခုအခါ VARရဲ့ မူ​ဝါဒတွေက ဘာလဲဆိုတာ ပြန်မေးခွန်းထုတ်သင့်ပြီဖြစ်ကြောင်း တန်ဟက်ဂ်က ဝေဖန်သွားပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရာဇီး လက်ရွေးစင် ကက်စ်မဲရိုးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယအကြိမ် တိုက်ရိုက် အနီကတ် ထိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ပွဲတုန်းကလည်း ပြိုင်ဘက် ကစားသမား ဝီလ်ဟုဂျ်စ်နဲ့ အချင်းများ ပဋိပက္ခ ဖြစ်ရာက အနီကတ် ထိခဲ့ပါသေးတယ်။ ကက်စ်မဲရိုးရဲ့ အနီကတ်တွေနဲ့ ပတ်သက်လို့လည်း တန်ဟက်ဂ်က ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သွယ်ဝိုက် မေးခွန်းထုတ်သွားခဲ့ပါတယ်။

ကက်စ်မဲရိုးဟာ ဥရောပတလွှားမှာ အမှတ်ပေးပြိုင်ပွဲ ၅၀၀ ကျော် ကစားပြီးချိန်ထိ တိုက်ရိုက် အနီကတ် လုံးဝ မထိခဲ့ကြောင်း၊ အခုတော့ ပရီးမီးယားလိဂ်မှာ တရာသီတည်းတင် ၂ ခါ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရကြောင်း၊ ကက်စ်မဲရိုးက ခပ်မာမာ ခပ်ကြမ်းကြမ်း ကစားတာ မှန်ပေမယ့် မျှမျှတတပဲ ကစားလေ့ရှိကြောင်း၊ ပဲလေ့စ်နဲ့ ပွဲတုန်းက အနီကတ် ဆိုရင်လည်း အငြင်းအခုံတွေ ရှိခဲ့ဖူးကြောင်း၊ တကယ်တော့ ကက်စ်မဲရိုးဟာ မျှတတဲ့ ကစားသမား တဦးဖြစ်ပြီး ဒါကို ပွဲ ၅၀၀ ကျော် ကာလအတွင်း တိုက်ရိုက် အနီကတ် လုံးဝ မထိခဲ့ဘူးဆိုတဲ့ မှတ်တမ်းက ပြသနေခဲ့ကြောင်းလည်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

 Ref: ESPN