ဒီပဲယင်းမြို့ဒေသခံတဦး စစ်ကောင်စီဖမ်းဆီးပြီး တရက်အကြာသေဆုံး

မတ် ၊ ၁၂

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ပေါ်၊မြို့မရပ်ကွက်၊မြန်မာ့စီးပွားရေးဘဏ်နဲ့မြို့မရဲစခန်းအနီးနေထိုင်တဲ့အသက် ၃၅ နှစ်အရွယ် ဦးဝင်းဆွေဆိုသူအမျိုးသားတဦးကိုစစ်ကောင်စီတပ်တွေက မတ်လ ၁၁ ရက်ညပိုင်းကဖမ်းဆီးခေါ်ဆောင်သွားပြီးတရက်မပြည့်မီသေဆုံးခဲ့တယ်လို့​ဒေသခံတွေရဲ့အတည်ပြုချက်အရသိရပါတယ်။

စစ်ကောင်စီမနေ့ညက ဖမ်းဆီးသွားတဲ့သေဆုံးသူရဲ့ရုပ်အလောင်းကိုဒီကနေ့မှာ ဒီပဲယင်းမြို့အတွင်း တင်းတိမ်ရံလမ်းခွဲမှာရှိတဲ့စစ်ကောင်စီဂိတ်အနီးမှာပဲလည်ပင်းကိုလှီးဖြတ်ထားတဲ့ဒဏါရာတွေအပါအဝင်လက်ပြန်ကြိုးတုပ်ရက်တွေ့ရှိခဲ့တာလို့သိရပါတယ်။

“သူကတောင်သူပါ။ရိုးရိုးသားသားနဲ့တအားအေးတဲ့သူ။အဲ့ဒါကိုမနေ့ကညကြီးနက်မှဝင်ဖမ်းသွားတာ။အိမ်မှာကလဲမိသားစုနည်းတယ်။နောက်နေ့မနက်ကျတော့တင်းတိမ်ရံဖက်သွားတဲ့သူတွေတွေ့တာ အလောင်းကတော့ပြန်ရပြီးအားချင်းသဂြိုလ်ရတယ် ။သူတို့ဂိတ်နဲ့နီးတယ်ဆိုပေမယ့်ပြန်သယ်လာလို့ရလိုက်တယ်”လို့ ဒေသခံတဦးကDNA ကိုပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်မှာစစ်ကောင်စီတပ်တွေနဲ့ရဲတွေအထိုင်ချထားပြီးပြည်သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးတာတွေပစ်ခတ်တာတွေပြုလုပ်လျက်ရှိနေပြီးတော့တချို့သတ်ဖြတ်မှုတွေကိုဒေသကာကွယ်ရေးတပ်တွေလုပ်တယ်ဆိုပြီးသတင်းလွှင့်တာမျိုးတွေရှိနေတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး”ကျတော်တို့ပီဒီဖက်တွေကိုဒီကိစ္စနဲ့ပါတ်သတ်ပြီးစွပ်စွဲတယ် ။အမှန်တော့အဲ့မှာကစစ်တပ်တွေချည့်ပဲ။ခုဖမ်းသွားတဲ့ဒေသခံကလဲသူတို့နားကိုကပ်ရက်လေးနေနေတာဗျာ။အသတ်ခံရတဲ့နေရာကလဲသူတို့ဒေသခံတွေကိုငွေညှစ်တဲ့ဂိတ်မှာ။ကျတော်တို့သာအဲ့နားရောက်တယ်ဆိုဒီကောင်တွေစခန်းပြာကျတာကြာပြီ”လို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်မှဗိုလ်ကောင်းကင်က DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာလဲလွန်ခဲ့သည့်ရက်ပိုင်းက စိုင်ပြင်မှာနေထိုင်သည့် ပြည်သူတဦးကို စိုင်းပြင်ရှိစစ်တပ်ဂိတ်ရှေ့ဆိုင်ကယ်ဖြတ်မောင်းလာစဉ်မှာပဲပစ်ခတ်ခဲ့ပြီးအဆိုပါပြည်သူအားဂိတ်ထဲခေါ်ဆောင်သွားတဲ့အတွက်မိသားစုကသေဆုံးသည်ဟုမှတ်ယူပြီးရက်လည်ဆွမ်းသွပ်ခဲ့ရတယ်လို့သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေ မတ်လ ၁၀ရက်အထိ အရပ်သားပေါင်း ၃၁၂၀ ဦးအသတ်ခံရပြီး တချို့ဖြစ်စဉ်တွေမှာဖမ်းဆီးပြီးနာရီပိုင်းအတွင်းသေဆုံးတာတွေလည်းရှိပါတယ်။