တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်းမှာ ဘုန်းတော်ကြီးသုံးပါးအပါအဝင် ဒေသခံ ၃၀ထက်မနည်းအစုလိုက်အပြုံလိုက်အသတ်ခံထားရ

မတ်၊ ၁၂

 စစ်ကောင်စီ PNO တပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းကယားနယ်စပ် ပင်လောင်းမြို့နယ်က နမ်းနှိမ်ကျေးရွာမှာ ရဟန်းသံယာတော်တွေနဲ့ ဒေဿခံပြည်သူ အယောက် ၃၀ ကျော်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ KNDF က ဒီကနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့မတ်လ ၁၁ ရက် နမ်းနှိမ်ကျေးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး ကျေးရွာအတွင်းဝင်ရောက်ကာ ဘုန်းတော်ကြီးကျောင်း ထဲခိုလှုံနေတဲ့ ကျေးရွာသား အယောက် ၃၀ နဲ့ ဘုန်းတော်ကြီး ၃ပါးကို ပုန်းခိုနေရာက ထွက်ခိုင်းပြီး ဘုန်းကြီးကျောင်းအတွင်းမှာတင် ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ KNDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်ချိန်မှာ ကရင်နီပူးပေါင်းတပ်တွေက ကင်းထောက်တွေ့ရှိပေမယ့် စစ်တပ်အင်အား များပြားတာကြောင့် ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ပဲ မတ်လ ၁၂ ရက် ကျေးရွာအတွင်း ပြန်ဝင်ချိန်မှာ အလောင်း ၂၈ လောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ KNDF က ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

နမ့်နိန်းကျေးရွာမှာ တိုက်ပွဲကြောင့်  ဒေသခံအများစုဟာ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

‘’ ဖြစ်ကတည်းက အကုန်ပြေးကြတာ အခုအသတ်ခံရတဲ့လူတွေက တအိမ်တယောက်နှုန်းနဲ့ ရွာစောင့်နေတဲ့ ရွာသားတွေဖြစ်မယ်။ အကုန်လုံး ဘုန်းတော်ကြီးကျောင်းထဲမှာ စောင့်နေခဲ့တာ’’ လို့ 

ဒေသခံတဦးက DNA ကို ပြောပါတယ်။လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ရုပ်အလောင်းကို  KNDF က သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနဲ့  ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်သလို 

သက်ဆိုင်ရာမိသားစုတွေကိုလည်း လုံခြုံရေးအရ စိတ်ချရတဲ့နေရာမှာ ဘာသာရေးအရ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲတွေဟာ စစ်ရေးအရ အရေးပါနေတဲ့ ပင်လောင်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် အပြိုင်ကြိုးပမ်းနေတာဖြစ်ပြီး နှစ်ဘက်လုံးကလည်း စစ်အင်အားတွေ ဖြည့်နေပါတယ်။

လက်ရှိ ကရင်နီပြည်နယ်ထဲက ဒီမောဆိုနဲ့ ဖယ်ခုံမြို့တွေမှာလည်း တိုက်ပွဲတွေ အပြင်အထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိုပါ ဒေသတွေမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေကို ဖေဖော်ဝါရီလကတည်းက လုပ်နေတာဖြစ်ပါတယ်။