တန့်ဆည်မှာ စစ်တပ်ကဖမ်းသွားတဲ့ NLD ပါတီထောက်ခံသူအမျိုးသမီးကို တပတ်အကြာမှာ သေဆုံးလျှက်ပြန်တွေ့

မတ်၊ ၁၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက အမျိုးသမီးတဦးကို စစ်ကောင်စီတပ်တွေက  မတ်လ ၄ ရက်နေ့က တန့်ဆည်မြို့ပေါ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် တပတ်အကြာမှာ အလောင်းကို တန့်ဆည်မြို့အရှေ့ဘက်မှာပြန်တွေ့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးပြီးနောက်အသတ်ခံရတဲ့အမျိုးသမီးဟာ တန့်ဆည်မြို့ဟောင်းဈေးမှာအလုပ်လုပ်နေတဲ့ အသက် ၂၆နှစ်အရွယ်မခိုင်လင်းကြည်ဆိုသူဖြစ်ပြီး NLD ပါတီထောက်ခံတဲ့ အမာခံတဦးဖြစ်တယ်လို့ မြို့ခံတွေကဆိုကြပါတယ်။

‘’ အသတ်ခံရတဲ့ အမျိုးသမီးက အဲဒီဈေးမှာအလုပ်လုပ်နေတာ ၃နှစ်လောက်ရှိပြီ။ NLD ရွေးကောက်ပွဲတုန်းကလည်း အာဟာရဒါနတွေလုပ်တာရှိတယ်။ အဲဒါတွေကြောင့် မကျေနပ်လို့ အငြိုးထားခံရတာဖြစ်နိုင်တယ်။ စစ်တပ်နဲ့ ပျူစောထီးဖမ်းသွားပြီး စစ်ကြောင်းထိုးနေတဲ့  ခမရ ၃၆၁ စစ်ကြောင်းတလျှောက်ကို သူပါသွားတာ။ အလောင်းအနေအထားအရ အဓမ္မပြုကျင့်ခံထားရတယ်လို့ ယူဆလို့ရတယ်။ သေနတ်နဲ့အနောက်ကပစ်ထားတဲ့ ဒဏ်ရာနဲ့ တန့်ဆည်အရှေ့ဘက်က ဖလံချိုင်နဲ့ဉာဏ်သာရွာကြားမှာပြန်တွေ့တာ’’ လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

မခိုင်လင်းကြည်နေထိုင်တဲ့ ကာပေါင်းကျကျေးရွာဟာဆိုရင် ပါတီထောက်ခံသူအများစုနေထိုင်ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ ၁၀ကြိမ်ထက်မနည်းဝင်ရောက်စစ်ကြောင်းထိုးခဲ့တဲ့ရွာဖြစ်သလို ဒေသခံတွေပစ်ခတ်ခံရပြီး သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

‘’ ကောင်မလေးက မိသားစုကိုထောက်ပံ့နေတဲ့ အကြီးဆုံးသမီးလေးလေ။ ခေတ်ပျက်နေပေမယ့် တန့်ဆည်လမ်းဆုံမှာဈေးရောင်းပြီး အိမ်ကိုထောက်ပံ့နေတာ။ ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဝါသဝနဲ့ နီးစပ်တဲ့  မိုးသူဇာနဲ့လည်းအရင်ကတည်းက စီးပွားပြိုင်ဘက်လေ။ တယောက်ကအနီ၊ တယောက်ကအစိမ်းဆန့်ကျင်ဘက်တွေ အိမ်နီးချင်းတွေလည်းဖြစ်တယ်။ အဲဒါမကျေနပ်လို့ စစ်တပ်နဲ့ဖမ်းခိုင်းတယ်လို့သတင်းထွက်နေတယ်’’ လို့ နီးစပ်တဲ့ ဒေသခံတဦးကလည်းဆိုပါတယ်။

ဖမ်းဆီးချိန်မှာစစ်တပ်နဲ့ ပျူစောထီးပူးပေါင်းဖမ်းဆီးတယ်ဆိုတာ ဒေသခံတွေရဲ့ ပြောဆိုချက်အရအတည်ပြုနိုင်ပေမယ့်  သတင်းပေးဖမ်းဆီးခိုင်းတယ်ဆိုတဲ့ ဒေသခံတွေပြောကြားချက်အပေါ်ကိုတော့ DNA ကသီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

မခိုင်လင်းကြည်ကိုဖမ်းဆီးချိန်မှာသူနဲ့အတူ သုံးဘီးမောင်းသူအမျိုးသားတဦးကိုလည်း အတူဖမ်းဆီးသွားပြီး အဲဒီလူကိုတော့ မိသားစုကအဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မခိုင်လင်းကြည်ကိုဖမ်းဆီးသွားတဲ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ရွှေလန်၊ ငတန်းကျေးရွာမှ ညံသာ နဲ့ ဖလံချိုင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးမတ်လ ၁၀ ရက်နေ့မှာတော့  ဖလံချိုင်ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်တွေရဲ့မိုင်းဆွဲတိုက်ခိုက်တာခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတချို့သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုမိုင်းထိသေဆုံးမှုတွေရှိပြီးနောက်ပိုင်းမှာ ဖမ်းဆီးသွားတဲ့ မခိုင်လင်းကြည်ကိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကသုံးသပ်ပါတယ်။

ဒေသကာကွယ်ရေးတပ်တွေကတော့ တန့်ဆည်မြို့တွင်းပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ ဝေးဝေးနေကြဖို့ကိုလည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Taze News