ဖမ်းဆီးခံရပြီး သတင်းပျောက်နေတဲ့ ပြည်ကြီးတံခွန်ဆရာတော်အရေး စစ်အုပ်စုတာဝန်ခံရမယ်လို့ထုတ်ပြန်

မတ်၊ ၁၂

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ ဦးဆောင်ပြုလုပ်နေတဲ့ ပြည်ကြီးတံခွန် သပိတ်အင်အားစုကော်မတီရဲ့ ဦးဆောင်ဆရာတော် ဦးအဂ္ဂ ကို စစ်ကောင်စီတပ်တွေဖမ်းဆီးသွားပြီး တပတ်ကြာတဲ့အထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်က ပြည်ကြီးတံခွန်သပိတ်ဆရာတော် ဦးအဂ္ဂဝံသနဲ့ အတူဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့ကစလို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်က ပြည်ကြီးတံခွန်သပိတ်ဆရာတော် ဦးအဂ္ဂဝံသနဲ့ အမျိုးသားနှစ်ဦး ဖမ်းဆီးခံရပြီး လူ ၁၃ဦးကိုတော့ သတ်ဖြတ်အလောင်းဖျောက်ဖျက်သွားတယ်လို့ အဲ့ဒီရွာ ပကဖ ခေါင်းဆောင်က DNA ကို ပြောဆိုထားပါတယ်။

လက်ရှိမှာ စစ်အုပ်စုကဖမ်းဆီးသွားတဲ့ ဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အသတ်ခံရပြီး သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် စိတ်ပူစိုးရိမ်နေကြကြောင်း သပိတ်အင်အားစုတွေက ပြောပါတယ်။

” သတင်းက အမျိုးမျိုးကြားနေရတယ်။ ကျသွားပီဆိုတဲ့ သတင်းရော အဖမ်းခံထားရပီး အသက်ရှိနေသေးတယ်ဆိုတဲ့ သတင်းရော နှစ်မျိုးဖြစ်နေတာကြောင့် အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါလို့ ” မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူက ပြောပါတယ်။

ပြည်ကြီးတံခွန်သပိတ်ဆရာတော်ဟာ မန္တလေးမြို့မှာ ပုဒ်မ၅၀၅နဲ့ အမှုဖွင့်ခံထားရပြီးနောက် လက္ကပင်ကျေး ရွာကဘုန်းကြီးကျောင်းမှာ လာရောက်တိမ်းရှောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်နဲ့ ပတ်သက်ပြီး စစ်အာဏရှင်တော်လှန်ရေး မြေပြင်သပိတ်ကော်မတီတွေကလည်း ဆရာတော်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနဲ့  ဆရာတော်ရဲ့ အသက်အန္တာရာယ်ကို စစ်အုပ်စုက တာဝန်ခံရမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ပြည်သူတွေရဲ့ မတရားခံရမှုကို တော်လှန်နေတဲ့ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂရဲ့ အသက်အန္တရာယ်ဖြစ်ပေါ်လာရင် စစ်ကောင်စီက ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမယ်လို့ ဆိုထားပါတယ်။

အလားတူပဲ မန္တလေးသပိတ်အင်အားစုရဲ့သပိတ်တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း (ခ)ကိုဖိုးလုံး၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ လေးဦးဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပြီးနောက် တနှစ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက်နေကြတဲ့အကြောင်းကိုလည်း သပိတ်အင်အားစုတွေက ထုတ်ပြန်ထားကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ မန္တလေး သပိတ်အင်အားစုအဖွဲ့ဝင် ခြောက်ဆယ်နီးပါးရှိပြီး တနှစ်နီးပါးအထိ အဆက်သွယ်ပြတ်နေသူတွေလည်း ရှိတယ်လို့ သပိတ်အင်အားစု အဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ဓာတ်ပုံ – CJ

ပုံစာ – စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ပြည်ကြီးတံခွန်ဆရာတော်