ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တချို့ ပိတ်မိနေ

မတ်၊ ၁၂

ကယား(ကရင်နီ) ပြည်နယ် ထဲက ဒီးမော့ဆိုအရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ရှောင်တချို့ ပိတ်မိနေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

“ စစ်ရှောင်တွေက ပိတ်မိနေတယ်လို့ပဲ ပြောရမှာပေါ့နော်။ စစ်ကြောင်းတွေက အဖက်ဖက်ကနေ ထိုးလာနေတော့ စစ်ရှောင်တွေ ပြေးမဲ့လမ်း၊ ရှောင်မဲ့လမ်းတွေက ပိတ်သွားတယ်လို့ ပြောရမယ်။ တချို့ စစ်ရှောင်တွေဆိုရင်လည်း ထပ်ဆင့်စစ်ရှောင်ရတယ်။ စစ်ကြောင်းတွေက အဖက်ဖက်ကနေ စစ်ကြောင်းထိုးလာတာ ”  လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက ဘောလခဲမြို့က ခမရ ၄၂၉ တပ်ရင်းနဲ့ အမှတ် ၇၇ က စစ်ကောင်စီခြေမြန်တပ်ရင်း အင်အား၂၀၀ ဝန်းကျင်ဟာ ဒီးမော့ဆိုမြို့အရှေ့ဘက် ဒေါတမကြီးအုပ်စုဖက်ကို ထိုးစစ်ဆင်ဖို့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာအုပ်စုတွင်းက ဒေသခံ ၅၀၀၀ ဟာ စစ်ဘေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဒေါတမကြီးကျေးရွာအုပ်စုထဲက ရွာပေါင်း ၇၀၀ ဟာဆိုရင် ကရင်နီနယ်ထဲမှာ ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ကျေးရွာတွေဖြစ်တယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ခူညေးရယ်က ပြောပါတယ် ။ 

“ပိတ်မိနေတယ်လို့တော့ ကွက်တိတော့ ပြောလို့ မရနိုင်ဘူး။ ပိတ်မိနိုင်တဲ့ အနေအထားတော့ ရှိတယ်။ အဲဒီအတွက် အရွှေ့အပြောင်းတွေကို လုပ်နေတာတော့ ရှိပါတယ်။ ဒေါတမကြီးရွာကိုတော့ စခတွေ ခုလေးတင်ပဲ ရောက်သွားပြီ။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ဒေါ့စဲကနေ ဒေါညေးခူးရွာ စစ်ရှောင်စခန်းကိုလည်း ရောက်သွားပြီ။ အခုက တောင်နဲ့ မြောက်ဘက်မှာ သူတို့က နေရာတစ်ခုကို ထပ်ရသွားတော့ စစ်ရှောင်တွေအတွက် ပိုအကျပ်ရိုက်တာတော့ ရှိပါတယ်။ စစ်မရှောင်ရသေးတဲ့ ရွာခံတွေအတွက်လည်း စိုးရိမ်စရာတော့ ရှိပါတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကလည်း ဆိုပါတယ်။

လက်ရှိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ အရင်က စစ်ဘေးရှောင် တသောင်းကျော်လောက် ရှိရာကနေ ထပ်ပြီးစစ်ဘေးရှောင် ငါးထောင်ထပ်တိုးလာပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ကိုဗညားက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူတွေနဲ့ပါ တိုက်ခိုက်လာတာဖြစ်တယ်လို့ မြေပြင်စစ်ရေးအခြေအနေ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ဖယ်ခုံမြို့နယ်နဲ့ ရှမ်းတောင်က ပင်လောင်းမြို့နယ်ထဲက ကျေးရွာတွေမှာလည်း တိုက်ပွဲပြင်းထန်နေတာ ရက်သတ္တပတ်သုံးပတ် ကြာနေပြီဖြစ်ပြီး  ယမန့်နေ့က နမ့်နိန်းကျေးရွာက ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်နဲ့ PNO တပ်တွေက မီးရှို့ခဲ့ပါတယ်။ 

စစ်ကောင်စီဟာ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမောဆိုမြို့နယ်နဲ့ ဘော်လခဲမြို့နယ် စတဲ့ စစ်မျက်နှာ (၄) ခုကို စစ်ကြောင်း (၁၂) ကြောင်းနဲ့ ဖေဖော်ဝါရီလက စတင်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့လည်း ကရင်နီနယ်က စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ထားကြပါတယ်။

ဓာတ်ပုံ – CJ