ပေါင်မြို့က ရင်းငြိမ်နယ်မြေရဲစခန်းဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဦးသေဆုံး

မတ်၊​ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်နယ်မြေရဲစခန်းကို ဒီကနေ့ မတ် ၁၁ ရက် နေ့လယ်ပိုင်း ၁ နာရီခွဲခန့်က ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒရုန်းနဲ့ ပစ်ချလိုက်တဲ့ ဗုံးသီးက စခန်းအဆောက် အဦးဘေးကပ်ရပ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ဂျူတီကျနေတဲ့ တပ်ဖွဲ့ဝင်တချိုနဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတချို့ ရှိနေတဲ့နေရာလည်း ဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို အတည်ပြု ပြောဆိုပါတယ်။
“ အဲ့နေရာ(ဗုံးသီးကျတဲ့နေရာ)က ရုံးအဖွဲ့တွေ ရှိတယ်၊ ထိသွားတာက တပ်သားတွေပါ၊ နောက်အဲဒီမှာ ရဲတပ်ဖွဲ့ဝင် မိသားစုတချို့လည်း ရှိနေတဲ့အချိန်ပါ၊ သူတို့လည်း ထိသွားတယ်၊ ဂျူတီကျနေတဲ့ တပ်သားတဦးက ထိသွားတာ ဒဏ်ရာပြင်းထန်လို့ သယ်သွားတာ ဆေးရုံမှာ ကုသနေရင်း ဆုံးသွားတယ်၊ ကျန်တဲ့ တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတဦးကတော့ ဒဏ်ရာရသွားတယ်” လို့ သူက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရင်းငြိမ်နယ်မြေရဲစခန်း အဆောက်အဦတချို့ ပျက်ဆီးမှုဖြစ်ခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုတွေကိုတော့ ပေါင်မြို့ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားပြီး အဲဒီအထဲက အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတဦးကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် သထုံမြို့နယ်စစ်ကောင်စီအခြေစိုက်တပ်ရင်းကတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ကားလေးစီးနဲ့ ရောက်လာပြီး အခင်းဖြစ်နေရာတွေမှာ ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့သလို တချို့နေရာတွေမှာ ကင်းပုန်းချတာတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“လူနာတင်ကားတွေလည်း ရောက်လာတာတွေ့တယ်၊ ထိခိုက်သေဆုံးမှုရှိတယ်လို့တော့ ကြားတယ်၊ ကျွန်တော်တို့တော့ မတွေ့ရဘူး၊ နောက်ပြီး စစ်သားတွေက ရဲစခန်းရဲ့ အပေါ်ဘက်ခြမ်းမှာက တောင် တန်းတွေပဲ ရှိတယ်ဆိုတော့ အဲဘက်ကို တက်သွားကြတယ်၊ ရွာထဲမှာလည်း စစ်ဆေးတာတွေ လုပ်တယ်၊ အခု သိရသလောက် ဖမ်းတာမျိုးတော့ မရှိသေးဘူး၊ သူတို့က တောင်ခြေဘက်မှာ စခန်းပုံစံချထားပြီး တပ်စွဲထားတယ်” လို့ဒေသခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
S.O.F ရဲ့ထုတ်ပြန်ချက်မှာတော့ ဗုံးသီးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျဖော်ပြထားတာ မရှိဘဲ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့သာ ဖော်ပြပါတယ်။
ပေါင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး၊ မြို့မရဲစခန်းနဲ့ ဇင်းကျိုက်နယ်မြေရဲစခန်းတွေ ရှော့တိုက်ဗုံး၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုကတော့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် မြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်တွေတော့ မကြာမကြာဖြစ်လေ့ရှိပါတယ်။
ဓာတ်ပုံ – SOF