သံတမန် ဆက်ဆံရေး ပြန်ထူထောင်ဖို့ အီရန်နဲ့ ဆော်ဒီ သဘောတူ

မတ်၊ ၁၁

နှစ်ဖက် တင်းမာမှုတွေကို ဖြေလျှော့ပြီး သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ ဆော်ဒီအာရေးဘီးယားနဲ့ အီရန်တို့ကြား မူအားဖြင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တရုတ်မှာ ၄ ရက်ကြာ တွေ့ဆုံပြီးတဲ့နောက် အများက မျှော်လင့်မထားတဲ့ အခုလို ကြေညာချက် ရုတ်တရက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဆွန်နီ မွတ်ဆလင်တွေရဲ့ ဦးဆောင် နိုင်ငံလို့ သတ်မှတ် ခံရတဲ့ ဆော်ဒီနဲ့ ရှီးဟိုက် မွတ်ဆလင် အများဆုံး နေထိုင်ရာ အီရန်တို့ကြားမှာ သမိုင်းကြောင်းတလျှောက် ခက်ထန် တင်းမာတဲ့ ယှဉ်ပြိုင်မှုတွေ ရှိခဲ့ဖူးပါတယ်။

အဲဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကစပြီး ညှိနှိုင်းဖို့ မလွယ်တဲ့ အဆင့်ထိ ပျက်ပြားလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဆော်ဒီက ရှီးဟိုက် ဘာသာရေး ခေါင်းဆောင် တဦးကို ကွပ်မျက်ခဲ့တာကို အကြောင်းပြုပြီး ဆန္ဒပြသူတွေက တဟီရန်မှာရှိတဲ့ ဆော်ဒီ သံရုံးကို ဝင်ရောက် စီးနင်းခဲ့တဲ့နောက် ဆော်ဒီက နှစ်ဖက် သံတမန် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါတယ်။

အဲဒီနှစ်နိုင်ငံဟာ ယီမင် ပြည်တွင်းစစ်မှာလည်း ဆန့်ကျင်ဖက် ရပ်တည်ပြီး အပြိုင်အဆိုင် စွက်ဖက်ခဲ့ကြပြန်ပါတယ်။ အီရန်က ဟိုသီ သူပုန်တွေကို လက်နက်တပ်ဆင် အားပေးထောက်ခံခဲ့ပြီး ဆော်ဒီနဲ့ တခြား အာရပ် မဟာမိတ် နိုင်ငံတွေကတော့ ယီမင် အစိုးရဖက်ကနေ လေကြောင်း တိုက်ခိုက်မှုတွေ ကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။

အခုအခါ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ သဘောတူခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်က သတိကြီးကြီးနဲ့ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒေသတွင်းမှာ တင်းမာမှုတွေ လျှော့ချဖို့ အားထုတ်မှုတိုင်းကို အမေရိကန်က သဘောတူကြောင်း၊ ဒါပေမဲ့ အီရန်ဟာ သူတို့ရဲ့ ကတိက​ဝတ်တွေကို လိုက်နာပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။

Ref: Al Jazeera