ရှီကျင့်ဖျင်ရဲ့ တရုတ် သမ္မတ တတိယ သက်တမ်း တရားဝင် စတင်

မတ်၊ ၁၁

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ သမိုင်းဝင် တတိယမြောက် သမ္မတသက်တမ်း ထမ်းဆောင်ဖို့ လွှတ်တော်ရဲ့ တာဝန် အပ်နှင်းမှုကို ခံခဲ့ရပါတယ်။ 

အသက် ၆၉ နှစ်အရွယ် ရှီဟာ ပြီးခဲ့တဲ့နှစ်၊ အာဏာရ ကွန်မြူနစ်ပါတီ ပြည်လုံးကျွတ် ညီလာခံကြီးမှာ ပါတီ အတွင်းရေးမှူးချုပ် ရာထူးကို တတိယ ၅ နှစ်သက်တမ်း ရယူခဲ့တဲ့နောက် သမ္မတ နေရာကိုလည်း ဆက်ယူထားဖို့ သေချာနေခဲ့ပါတယ်။ တရုတ်မှာတော့ သမ္မတ ရာထူးဟာ သံတမန်ရေးရာ ဆက်ဆံမှုတွေအတွက် ရုပ်ပြကောင်းဖို့ ဖန်တီးထားတာသာဖြစ်ပြီး ပါတီ အတွင်းရေးမှူးချုပ် နေရာကသာ အမှန်တကယ် ဩဇာကြီးမားတာပါ။

မတ် ၁၀ ရက်မှာတော့ ရှီရဲ့ အမာခံ အင်အားစုတွေ အဓိက ထိန်းချုပ်ထားပြီး အာဏာရ ပါတီက တင်သမျှ အဆိုတွေကို တံဆိပ်တုံးထု အတည်ပြုပေးရုံ အဆင့်သာရှိတဲ့ လွှတ်တော်က ရှီရဲ့ တတိယ သမ္မတ သက်တမ်းကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ရှီဟာ ပါတီ အတွင်းရေးမှူးချုပ် နေရာအတွက်ရော၊ သမ္မတ နေရာအတွက်ပါ ပြီးခဲ့တဲ့ အောက်တိုဘာ လကတည်းက သက်တမ်းတိုးမြှင့်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

တရုတ်မှာ ရှီမတိုင်ခင် သမ္မတ နှစ်ဆက်လောက်က ၅ နှစ်သက်တမ်း နှစ်ကြိမ်စီသာ တာဝန်ယူခဲ့ပေမယ့် ရှီကတော့ ပါတီထဲမှာ သူ့ရဲ့ ဩဇာကို ထူထောင်၊ ပြိုင်ဘက်တွေကို ချိုးနှိမ်နိုင်ခဲ့တဲ့နောက် တတိယ သက်တမ်းအတွက် လမ်းရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှီဟာ ကပ်ရောဂါကာလနဲ့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးမှုလို ပြဿနာတွေ ကြုံခဲ့ရတဲ့တိုင် ပါတီတွင်းမှာ ပိုမိုပြီး အင်အား စုစည်းနိုင်ခဲ့သလို တတိယ သက်တမ်းအတွက် ဖွဲ့စည်းတဲ့ အစိုးရမှာ သူ့ရဲ့ လက်ရွေးစင် သစ္စာတော်ခံတွေချည်းပဲလို့ ပြောလို့ရတဲ့ထိ ဖြစ်လာပါတယ်။

လေ့လာသူတွေကတော့ ရှီဟာ မော်စီတုံး ခေတ်လွန်မှာ တရုတ်ရဲ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာပြီး မော်လိုပဲ သေဆုံးချိန်အထိ အာဏာ လက်ကိုင် ရယူထားဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

လက်ရှိ အခြေအနေမှာတော့ တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး အတင်းမာဆုံး အခြေအနေမျိုး ဖြစ်နေပြီး ကဏ္ဍပေါင်းစုံမှာ ကမ္ဘာ့စူပါပါဝါ နိုင်ငံနှစ်ခုကြား ပြိုင်ဆိုင်မှုတွေကလည်း တရိပ်ရိပ် ပိုမိုအားကောင်းလာနေတာ တွေ့ရပါတယ်။