အသင်းကို စွန့်ခွာမယ့် ဖာမီနိုကြောင့် အံ့ဩခဲ့ရတယ်လို့ ကလော့ပ် ဝန်ခံ

မတ်၊ ၁၁

အသင်းကို စွန့်ခွာမယ့် ရောဘတ်တို ဖာမီနိုရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့ဩခဲ့ရတယ်လို့ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရာဇီး တိုက်စစ်မှူးဟာ အန်းဖီးလ်ကွင်းကြီးထဲမှာ အမှတ်ရစရာ ၈ နှစ်တာ ကာလကို ဖြတ်သန်းပြီးရင် ရာသီကုန် စာချုပ်သက်တမ်း စေ့ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

ကလော့ပ်က တပည့်ဖြစ်သူကို အသင်းမှာ ဆက်ရှိစေချင်ပေမယ့်လည်း ဖာမီနိုကတော့ တိုက်စစ် ကစားသမားတွေ များပြားလာလို့ ပုံမှန်ပွဲထွက်ခွင့် နည်းလာတဲ့ ကလပ်အသင်းကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးနဲ့ ဇွန်လအထိသာ စာချုပ်သက်တမ်း လက်ကျန် ရှိပါတော့တယ်။

ဖာမီနိုရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သူ့အနေနဲ့ နည်းနည်းတော့ အံ့ဩမိခဲ့တာ ဝန်ခံကြောင်း၊ ဒါပေမဲ့ ကစားသမား တယောက်မှာ ရွေးစရာဆိုလို့ အသင်းမှာ ဆက်နေမလား၊ ဒါမှမဟုတ် မနေဘူးလားဆိုတဲ့ နှစ်ခုသာ ရှိကြောင်း၊ ဖာမီနိုရဲ့ ရွေးချယ်မှုကို လေးစား လက်ခံရမှာဖြစ်ကြောင်း ဂျာမန်သား ဘောလုံးမန်နေဂျာက ဆိုပါတယ်။

 ဒါပေမဲ့လည်း ဘယ်လောက် ရှည်ကြာတဲ့ ဆက်ဆံရေးဖြစ်ဖြစ် တချိန်ချိန်မှာတော့ ပုံစံ တမျိုးမျိုးနဲ့ အဆုံးသတ်ရမှာပဲဖြစ်ပြီး အသင်းနဲ့ ဖာမီနိုကြား တည်မြဲခဲ့တဲ့ ဆက်ဆံရေးအတွက် ကျေနပ်မိကြောင်းလည်း ကလော့ပ်က ပြောကြားသွားပါတယ်။

ဖာမီနိုဟာ ကမ္ဘာ့ဖလား မတိုင်ခင်မှာ လီဗာပူးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ခု ကစားပြီး ၇ ဂိုးထိ ခြေစွမ်းပြ သွင်းယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလား အပြီးမှာတော့ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရသလို အသင်းမှာ ပွဲထွက်ခွင့်တွေလည်း ကန့်သတ် ခံခဲ့ရပါတယ်။ ဇန်နဝါရီလမှာ လီဗာပူးက တိုက်စစ် ကစားသမားသစ် ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူလိုက်တဲ့ နောက်မှာတော့ ဖာမီနိုဟာ အသင်းက ထွက်ခွာဖို့ ပိုပြီး အခိုင်အမာ ဆုံးဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

 Ref: BBC