စစ်ကောင်စီက ချင်းပြည်နယ်မှာ စစ်အင်အားဖြည့်တင်းနေ


မတ်၊ ၁၀

စစ်ကောင်စီက ချင်းပြည်နယ်ကိုသူတို့ကြေငြာထားတဲ့ စစ်အုပ်ချုပ်ရေးနယ်မြေအဖို့ လက်တွေ့ကောင်အထည်ဖော်ဖို့နှင့် ရွှေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ ချင်းပြည်နယ်တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက DNA ကိုပြောပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မူတွေဆက်တိုက်ပြုလုပ်ပြီးနောက်မှာ မြေပြင်စစ်အင်အားတွေ ချင်းပြည်နယ်ကိုပို့ဆောင်နေတာဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို ချောဆွဲထားတဲ့အရပ်သားကားသုံးဆယ်နဲ့ တက်ရောက်သွားသလို ဒီကနေ့ မတ်လ ၁၀ ရက်မှာလည်း ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်ဘက်ကိုသွားမယ်လို့ယူဆရတဲ့ ကားအစီးရှစ်ဆယ်ပါ စစ်ကောင်စီယာဥ်တန်းဟာ ပေါက်မြို့ကိုကျော်ပြီး ယောနယ်ဒေသအစပ်ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ယောဒေသကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

” သူတို့ကြေငြာထားတဲ့စစ်အုပ်ချုပ်ရေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ကြိုးစားတာ။ ပြီးတော့ ထန်တလန်ဘက်ကို ဖိချင်တာလို့ ကျနော်တို့ထင်တယ်” CDF – Senthang တာဝန်ရှိသူတဦးကပြောပါတယ်။

 ချင်းပြည်နယ်တောင်ပိုင်း ထန်တလန်မြို့ကိုဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မူတွေ အကြိမ်ကိုးဆယ်ကျော်ပြုလုပ်ခဲ့ပေမယ့် ဒေသခံကာကွယ်ရေးတပ်တွေကပဲနယ်မြေအများစုကို စိုးမိုးထားတာဖြစ်ပါတယ်။

“စကစ က သူ့တို့ လုပ်မယ့် အတုယောင်ရွေးကောက်ပွဲ လုပ်ဆောင်နိုင်ဖို့အတွက် မရမက ထိုးစစ်ဆင်တယ်လို့ပဲမြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချင်းပြည်နယ်မှာက သူတို့ထိန်းချုပ်မူနည်းနေတာတွေ့ရတယ်။ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ထိန်းချုပ်နယ်မြေရှိမှ လုပ်နိုင်မှာလေ” လို့ ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့တာနဲ့ပတ်သက်ပြီး CDF – Paletwa ဗဟိုကော်မတီဝင် ကိုဂျော့ဆဝါကသုံးသပ်ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကို အကြားအလပ်မရှိလုပ်မယ်လို့ကြေညာထားပေမယ့် ဘယ်နေ့မှာလုပ်မယ်ဆိုတာတော့ တရားဝင်ပြောကြားတာမရှိသေးပါဘူး။

စစ်ကောင်စီကပြုလုပ်မယ်လို့ ကြေငြာထားတဲ့ ရွေးကောက်ပွဲကို ချင်းပြည်နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့အားလုံးက လက်မခံကြောင်းကြေကြာချက်ထုတ်ထားသလို ရွေးကောက်ပွဲဖြစ်ဖို့အလားအလာမရှိဘူးလို့လည်းတော်လှန်ရေးအဖွဲ့တွေကဆိုပါတယ်။

” သူတို့မဲစရင်းကောက်တာမျိုးတော့ရှိတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာပဲကောက်နိုင်တာ။ ကျန်တဲ့နယ်တွေတခုမှမကောက်နိုင်တာ” လို့ ဖလမ်းမြို့နယ်ဒေသခံတဦးကပြောပါတယ်။

ချင်းပြည်နယ်ကို စစ်ကောင်စီက အင်အားတိုးဖြည့်နေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်က မြေပြင်တိုက်ပွဲတွေမှာ အထိနာခဲ့တာဖြစ်ပါတယ်။

မနေ့ကမတ်လ ၉ ရက်နေ့မှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ CNA, CDF – Paletwa တိုက်ပွဲမှာလည်း စစ်ကောင်စီစစ်သားရှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ CDF – Paletwa ဗဟိုကော်မတီဝင် ကိုဂျော့ဆဝါက ပြောဆိုထားပါတယ်။

စစ်ကောင်စီကတနိုင်ငံလုံးက မြို့နယ် ၄၇မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားရာမှာ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကလွဲရင် ကျန် ၈ မြို့နယ်ကို ကြေညာထားတာပါ။