မတ်၊ ၁၀
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်းဈေး အနောက်ပေါက်အနီးမှာ စစ်ကောင်စီရဲ့အရပ်ဝတ်နဲ့တပ်သားတွေက လူငယ်ငါးဦးကို သပိတ်အဖွဲ့ဝင်တွေဆိုပြီး မတ်လ၉ရက်၊ မနေ့ညကဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့ကြတယ်လို့ စျေးရောင်းချသူတွေက DNAကိုပြောပါတယ်။
 
” ညမိုးချုပ်နေပြီ ။သူတို့ကဖမ်းဖို့စောင့်နေကြတာထင်တယ်။ အားလုံးက အရပ်ဝတ်တွေနဲ့ စောင့်နေ​​ကြတာ။ ကောင်လေးတွေကိုတွေ့တော့ ဖမ်းဖို့လုပ်တဲ့အချိန်မှာ ထွက်ပြေးကြတော့အနောက်ကနေလိုက်ပြီး ဖမ်းတာ။ ဖမ်းမိသွားတော့ဝိုင်းရိုက်ကြတာ မြင်မကောင်ဘူး” လို့ လှည်တန်း ၃လမ်းထိပ်မှ စျေးရောင်းချသူတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ် ငါးဦးဟာ အင်းစိန်လမ်းမအတိုင်း လမ်းလျှောက်လာစဥ် စစ်ကောင်စီရဲ့အရပ်ဝတ်တပ်သားတွေက ဖမ်းဆီးခဲ့တာ​ကြောင့် လူငယ် ငါးဦးဟာ လှည်းတန်းထိပ်ကနေ လှည်းတန်း ၂လမ်းအတိုင်း ထွက်ပြေးလာပြီး လှည်းတန်း ၃လမ်းထိပ်အရောက်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ကမာရွတ်မြို့နယ်၊ အမှတ် ၃ရပ်ကွက်ရဲ့ ရပ်ကွက်အုပ်ချုပ်ပိုင်းနဲ့ နီးစပ်သူတဦးကတော့ လူငယ်ငါးဦးဟာ သပိတ်အဖွဲ့တွေဆိုတဲ့ သတင်းရရှိတာကြောင့် အခုလို စောင့်ကြိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
“သတင်းရလို့ ဖမ်းဖို့စောင့်နေတာ ၂ရက်လောက်ရှိပြီ။ ပထမနေ့တွေကလည်း လာစောင့်နေကြတာပဲ။ လှည်းတန်းဆိုတာကလည်း လူတွေများတော့ ပထမရက်မှာမတွေ့ကြဘူး။ အခုဒုတိယနေ့မှ ဖမ်းမိသွားတာ။ ကောင်လေးတွေက လူစုခွဲပြီးပြန်ရင် အဲ့လောက်ဖြစ်မှာမဟုတ်ဘူး။ သူတို့လည်း သိမှာမဟုတ်ဘူး”လို့ အမှတ် ၃ရပ်ကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ်ငါးဦးဟာ သပိတ်အဖွဲ့တွေလို့ဆိုပေမယ့် ဒီအခြေအနေကို DNA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးသလို ရန်ကုန်က သပိတ်ကော်မတီတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လူငယ်ငါးဦးဟာ သပိတ်အဖွဲ့ဝင်တွေဟုတ်၊ မဟုတ်ကို တစုံတရာသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
 
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ရည်ရွယ်ပြီး ဒီနှစ် ဇန်နဝါရီလဆန်းကစပြီး အိမ်ထောင်စုစာရင်းကောက်ယူချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပေမယ့် လမ်းပေါ်သပိတ်နည်းပါးသွားခဲ့ပါတယ်။
 
ဒါပေမယ့် ရန်ကုန်မြို့မှာ မတ်လ၉ရက်မှာနှစ်ကြိမ်နဲ့ ဒီကနေ့ မနက်မှာ တကြိမ် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ပါသေးတယ်။