ဂန္ထဝင်မြောက် A-10 တိုက်လေယာဉ်တွေကို အနားပေးတော့မယ့် အမေရိကန် လေတပ်

မတ်၊ ၁၀

အမေရိကန် လေတပ်ဟာ သူတို့ရဲ့ ဂန္ထဝင်မြောက် လေကြောင်းပစ်ကူ A-10 Warthog တိုက်လေယာဉ်တွေကို အခုဆယ်စုနှစ် မကုန်ခင် အပြီးတိုင် အနားပေးသွားဖို့ စီစဉ်နေပါတယ်။

 လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချားလ်စ် ကယူ ဘရောင်းက လက်ရှိ သုံးစွဲနေတဲ့ A-10 အားလုံးကို လာမယ့် ၅ နှစ်၊ ဒါမှမဟုတ် ၆ နှစ်အတွင်း အပြီးတိုင် အနားပေးသွားဖို့ ရည်ရွယ်ကြောင်း ပြောပါတယ်။ လေတပ်ဟာ ၂၀၂၉ ခုနှစ်နောက်ပိုင်း A-10တွေကို လုံးဝ မသုံးတော့ဘဲ မျိုးဆက်သစ် တိုက်လေယာဉ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

 ၁၉၇၇ ခုနှစ်မှာ စတင် စစ်မှုထမ်းခဲ့တဲ့ A-10တွေဟာ တကယ်တမ်းမှာတော့ လေတပ်ရဲ့ စံနှုန်းတွေအရ အသုံးပြုရမယ့် သက်တမ်း ကျော်လွန်နေပါပြီ။ ဒါပေမဲ့ စစ်မြေပြင် လိုအပ်ချက်တွေအရ A-10တွေဟာ လက်ရှိ အချိန်ထိ ဆက်ပြီး အမှုထမ်းနေဆဲပါ။

 A-10တွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ လေတပ်နဲ့ အမေရိကန် လွှတ်တော်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေဆဲလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ A-10တွေဟာ မြေပြင်က စစ်သည်တွေအတွက် အနီးကပ် လေကြောင်းပစ်ကူ ပေးရာမှာ အထူးနာမည်ပါတယ်။ အရုပ်ဆိုးဆိုး တည်ဆောက်ထားပြီး ခပ်နိမ့်နိမ့်၊ ခပ်နှေးနှေး ပျံလေ့ရှိတဲ့ လေယာဉ်တွေဟာ အီရတ်နဲ့ အာဖဂန် နစ္စတန် စစ်မြေပြင်တွေမှာ အစွမ်းပြခဲ့ပြီး အမေရိကန် လေတပ်ရော၊ ကြည်းတပ်နဲ့ မရိန်းတပ်တွေကပါ ချစ်ခင်မှုကို ခံခဲ့ရပါတယ်။

 A-10တွေရဲ့ အဓိက အားသာချက်က မာဂုဏ်ဖြစ်ပြီး လေထဲက တင့်ကား အငယ်စားတွေလို့တောင် တင်စားခံရပါတယ်။ A-10တွေရဲ့ ကိုယ်ထည်ကို ကြံ့ခိုင်မှု အသားပေး တည်ဆောက်ထားတဲ့အတွက် အရမ်းမြန်မြန်တော့ မပျံနိုင်ပါဘူး။ ဒူပေနာပေ ခံနိုင်ရည် ကောင်းလွန်းတာကြောင့် A-10 တစီးဟာ ရန်သူ ပစ်ခတ်မှုကြောင့် တောင်ပံတဖက် ပါမလာတော့တာတောင် အခြေစိုက် စခန်းထိ အရောက် ပျံသန်းပြခဲ့ဖူးပါတယ်။

 ဒါပေမဲ့ ထိရောက်တဲ့ စစ်ဆင်ရေး ရလဒ်မျိုး ဆင်နွှဲဖို့အတွက် နှေးနှေးနဲ့ နိမ့်နိမ့် ပျံရတဲ့ A-10တွေဟာ ခေတ်သစ် လေယာဉ်ပစ် စစ်လက်နက်တွေရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိတော့တာကြောင့် အစားထိုးဖို့ လိုလာပြီလို့ လေတပ်က ယူဆထားပါတယ်။ အထူးသဖြင့် တရုတ်လို နိုင်ငံမျိုးရဲ့ ခြိမ်းခြောက်မှုဟာ A-10aတွေရဲ့ အားသာချက်တွေကို ပျက်ပြယ်သွားစေဖွယ် ရှိနေပါတယ်။

 လေတပ်က A-10တွေကို အနားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေပေမယ့် လွှတ်တော်က လက်မခံသေးဘဲ ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အထိ A-10တွေ အစားထိုးဖို့ အစီအမံတွေ တိတိကျကျ ထုတ်မပေးသေးပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာ လေတပ်ဟာ A-10 ၂၁ စီးကို စတင် အနားပေးဖို့ ရည်ရွယ်ထားကြောင်း ဘရောင်းက ဆိုပါတယ်။ ဒါကြောင့် အမေရိကန်မှာ A-10 ၂၈၁ စီး ရှိနေရာကနေ ၂၆၀ ထိ စတင် လျော့ကျသွားမှာပါ။

 လေတပ်အနေနဲ့ A-10တွေရဲ့ အနီးကပ် ပစ်ကူပေးမှု အခန်းကဏ္ဍအတွက် F-35လို ခေတ်မီ ဂျက်တိုက်လေယာဉ်သစ်တွေကို အစားထိုး အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ F-35တွေဟာ A-10တွေလောက်တော့ မာဂုဏ် မကောင်းနိုင်ပေမယ့် ရေဒါနဲ့ ထောက်လှမ်းဖို့ ခက်ခဲတာ၊ ပေါ့ပါးတာ၊ ပစ်မှတ်တွေကို အဝေးကနေ ချေမှုန်းနိုင်တာစတဲ့ အားသာချက်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ခေတ်သစ် စစ်ပွဲတွေမှာ အမေရိကန် လေတပ် အနေနဲ့ အရှေ့အလယ်ပိုင်းမှာလို အနီးကပ် လေကြောင်းပစ်ကူပေးရတဲ့ ကိစ္စမျိုး သိသိသာသာ လျော့နည်းသွားလိမ့်မယ်လို့လည်း ဘရောင်းက မှတ်ချက် ပေးသွားပါတယ်။