ယူကရိန်းကို လေကြောင်းက တိုက်ခိုက်မှုတွေမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေပါ ရုရှားထုတ်သုံး

မတ်၊ ၁၀

ယူကရိန်းနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ ထည့်သွင်း အသုံးပြုသွားခဲ့ကြောင်း သိရပါတယ်။

 ရုရှားဟာ Kinzhal အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ယူကရိန်းစစ်ပွဲ အစပိုင်းလောက်က သုံးခဲ့ဖူးပေမယ့် နောက်ပိုင်း စစ်မြေပြင်ကို ထပ်မံ ယူဆောင်လာတာမျိုး မတွေ့ရတော့ပါဘူး။ အခု သီတင်းပတ်ထဲမှာတော့ ယူကရိန်း နိုင်ငံအနှံ့က မြို့ရွာ ၁၅ ခုလောက်ကို ရုရှားက ဒုံးကျည်တွေနဲ့ ဖြန့်ကျက် တိုက်ခိုက်ခဲ့ရာမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ ထည့်သွင်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 ဟိုက်ပါဆောနစ် အဆင့် သတ်မှတ်ထားတဲ့ ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်တဲ့နှုန်းနဲ့ ပျံသန်းပါတယ်။ Kinzhalဟာ အသံရဲ့ မြန်နှုန်းထက် ၁၀ ဆကနေ ၁၂ ဆကြားထိ ပျံသန်းနိုင်ပြီး ရုရှားရဲ့ လက်နက်တိုက်ထဲမှာတောင် အတော်လေး ရှားပါးတဲ့ ပိုင်ဆိုင်မှုလို့ ဆိုနိုင်ပါတယ်။ ဒုံးကျည်ရဲ့ ပျံသန်းမှုက မြန်ဆန်လွန်းလို့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို လေကြောင်းကာကွယ်ရေး စနစ်ကမှ ကြားဖြတ် မဟန့်တားနိုင်ဘူးလို့ ရုရှားက ကြွေးကြော်ထားပါတယ်။

 မတ် ၈ ရက်က ယူကရိန်း မြို့ရွာ တော်တော်များများကို ဒုံးကျည်မိုး ရွာခဲ့တာဟာ သီတင်းပတ် တော်တော်များများ ကာလအတွင်း ရုရှားရဲ့ အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေထိ ဒီတိုက်ခိုက်မှုအတွင်း ယူကရိန်းနိုင်ငံ အနှံ့မှာ သေဆုံးသူ ၉ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

 ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်က ရုရှားဟာ ဒီတိုက်ခိုက်မှုမှာ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေကို ဝေဟင်၊ ရေပြင်နဲ့ မြေပြင်တွေကနေ ပစ်ခတ်ခဲ့ပြီး ယူကရိန်းရဲ့ စစ်ဘက် အဆောက်အအုံတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

 ယူကရိန်း စစ်တပ်ကတော့ သူတို့ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည်တွေနဲ့ အီရန်လုပ် Shahed အမျိုးအစား ဒရုန်းတွေ စုစုပေါင်း ၃၄ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ရုရှားက ပစ်လွှတ်ခဲ့တဲ့ Kinzhal ဒုံးကျည် ၆ စင်းရယ်၊ နည်းပညာအရ ပိုပြီး ခေတ်နောက်ကျတဲ့ Kh-22နဲ့ S-300 ဒုံးကျည်တွေရယ်ကို ပစ်ချနိုင်ခဲ့သလား ဆိုတာကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

 ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စတင် အသုံးပြုခဲ့တဲ့နောက် စစ်မြေပြင်ကို ဒီလို နည်းပညာမြင့် ဒုံးကျည်တွေ လက်တွေ့ထုတ်သုံးတဲ့ ပထမဆုံး နိုင်ငံအနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ သမ္မတ ဗလာဒီမာ ပူတင်ကလည်း ရုရှားဟာ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာအတွက် အလုံးအရင်း မြှုပ်နှံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။