မတ်၊ ၁၀
ယူရိုပါလိဂ် ပွဲစဉ်မှာ စပို့တင်း လစ္စဘွန်းနဲ့ သရေကျခဲ့တဲ့နောက် သူ့အသင်းဟာ တိုးတက်လာရမယ့် အပိုင်းတွေ ရှိနေသေးတယ်လို့ အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ဝန်ခံခဲ့ပါတယ်။
အခုရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေသလို ချန်ပီယံဆုအတွက် အလားအလာ ကောင်းနေတဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ပေါ်တူဂီ ကလပ်ကို ၂ ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ကွာတားဖိုင်နယ် တက်ရောက်ရေးအတွက် စပိန်မြေမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်ကို အတော်လေး အားထည့် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
စပိန်သား မန်နေဂျာ အာတီတာဟာ ဖူလ်ဟမ်နဲ့ ပွဲတုန်းက ပွဲထုတ်ခဲ့တဲ့ လူစာရင်း ၆ နေရာထိ အပြောင်းအလဲ လုပ်ခဲ့ပြီး အရန် ကစားသမား တချို့ကို ပွဲထုတ်ခဲ့ပါတယ်။ လူစာရင်းမှာ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ အာဆင်နယ်ဟာ အရမ်း ရိုးရှင်းတဲ့ သွင်းဂိုးတွေ၊ အထူးသဖြင့် တည်ကန်ဘောတွေကနေ သွင်းဂိုးတွေ ခွင့်ပြုနေရဆဲဖြစ်ပြီး ဒီပြဿနာကိုတော့ ဖြေရှင်းဖို့ လိုနေကြောင်း အာတီတာက ဆိုပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအပြီး ကလပ်အသင်း ဘောလုံးပွဲတွေ ပြန်စချိန် ကတည်းက အာဆင်နယ်ဟာ တည်ကန်ဘောတွေကနေတဆင့် သွင်းဂိုး ၅ ဂိုးထိ ခွင့်ပြုခဲ့ရပြီးပါပြီ။ အခုပွဲစဉ်မှာလည်း စပို့တင်းက ပထမဂိုးကို ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသင်းအနေနဲ့ ရှုံးရင် ထွက်ရမယ့် ပြိုင်ပွဲမျိုးတွေမှာ ကိုယ့်ဂိုးဧရိယာ တဝိုက်ကို ပိုပြီး ဂရုစိုက်ဖို့ လိုကြောင်း၊ စပို့တင်းနဲ့ ပွဲမှာတော့ အာဆင်နယ်ဟာ လုံလောက်တဲ့ ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ကြောင်း၊ ဒါ့အပြင် သူ့အသင်းဟာ ပြိုင်ဘက်ကို ဖိအားပေး ခြိမ်းခြောက်တဲ့ နေရာမှာလည်း ပိုတိုးတက်အောင် ပြင်ဆင်ရဦးမှာ ဖြစ်ကြောင်း အာတီတာက ပွဲအပြီး အင်တာဗျူးမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်ဟာ စာဖွဲ့နေစရာ မဟုတ်ပေမယ့် သတိထားရမယ့် အမှားတချို့ကို ကျူးလွန်မိခဲ့ပြီး နောက်ပွဲတွေမှာ ဆက်တိုက် အနိုင်ရချင်ရင် အဲဒီ အမှားလေးတွေကို ဂရုတစိုက် ပြင်ဆင်ဖို့လိုကြောင်းလည်း အာတီတာက ဆက်ပြောသွားပါတယ်။