မတ်၊ ၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေက နယ်မြေထိစပ်ကျေးရွာတွေမှာ စစ် တပ်ကစစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြောင့်လဝက်အတွင်းနေအိမ်သုံးရာကျော်မီးရှို့ခံရပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ် ကြောင်းထိုးမီးရှို့မှုတွေမကြာမကြာလုပ်လေ့ရှိသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် လ လယ်ပိုင်းကစလို့ ကန့်ဘလူနယ်ထဲ စစ်ကြောင်းလေးခုအထိခွဲပြီး စစ် ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးခဲ့တဲ့ဖေဖော်ဝါရီ လ လယ်ကနေ အခုလဆန်းအထိ ကန့်ဘလူမြို့နယ်ထဲကရွာငါးရွာ၊ကျွန်းလှမြို့နယ်ကတရွာ ရွာခြောက်ရွာက နေအိမ် (၃၀၂)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လင်းယုန်နီကန့်ဘလူအဖွဲ့က DNA ကိုပြောပါတယ်။
“ကြခတ်အိုက်မှာဖမ်းသွားတဲ့ပြည်သူတွေကအ သက်၄၀၊၅၀ ဝန်းကျင်တွေဖမ်းသွားတဲ့နေ့ကစပြီးဒီနေ့အထိမလွှတ်ပေးသေးဘူး၊သူတို့စစ်ကြောင်းနဲ့ပါသွားတယ်လက်ရှိမီးဘေးသင့်နဲ့စစ်ရှောင်ပြည်သူတွေအခြေအနေကစာနပ်ရိက္ခာတွေသူတို့ယာယီနေထိုင်နိုင်မယ့်တဲ့တွေအရေးပေါ်လိုနေတယ်ဗျ” လို့ လင်းယုန်နီကန့်ဘလူအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
ဒါ့အပြင်ဖေဖော်ဝါရီလထဲမှာပဲ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်၊ကိုးတောင်ဘို့ဈေးကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ၆ ပေပတ်လည် ဆိုင်ခန်း ၃၇၁ ခန်းပျက်စီးခဲ့သလို ဘူတာအနီး ဈေးဆိုင်တန်း ၅၀ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့လဲသိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းသတ်ဖြတ်ခံရသူတွေထဲမှာ ထန်းကုန်းတိုက်နယ် ကိုင်းရိုးရွာက မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးလည်းပါဝင်ပါတယ်။
ကိုင်းရိုးရွာခံ အမျိုးသားနှစ်ဦးကို စစ်ကောင်စီရဲ့ခမရ-၃၆၈နဲ့ ပျူစောထီးစစ်ကြောင်းကမီးရှို့သတ်ဖြတ်ခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်ထန်းကုန်းတိုက်နယ်၊သင်ပေါင်းကျင်းရွာနဲ့ညောင်ဇင်လေးရွာကပြည်သူ ၇ ဦးနဲ့ ဂွေးကုန်းရွာကဈေးသည်လင်မယားအပါအဝင် စုစုပေါင်း ၉ဦး မိုင်းထိလို့ ဒဏ်ရာရခဲ့ကြပြီး ၁၅နှစ်အရွယ် ဆယ်ကျော် သက်တဦးသေဆုံးခဲ့ပါတယ်။
အဲ့ဒီမိုင်းပေါက်ကွဲမှုတွေဟာ ပျူစောထီးရွာအနီးမှာ ဖြစ်တာမို့ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းပေါက် ကွဲတာလို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကောင်စီဟာ မတ်လ ၂ရက်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ချပ်သင်းတိုက်နယ်အတွင်းမှာ တိုက် ခိုက်ရေးရဟတ်ယာဥ်နဲ့ တရက်တည်းလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုပ်ခဲ့ပါသေးတယ်။
ကန့်ဘလူနဲ့ ကျွန်းလှထိစပ်နယ်တွေထဲ ဖေဖော်ဝါရီ ၁၇ရက်ကစလို့စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ မတ်လ လေးရက်မှာ ခင်ဦးနယ်ထဲဝင်သွားပြီး ကန့်ဘလူမြို့ပေါ်လည်း တပ်စွဲထားတဲ့စစ်သားတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ ကန့်ဘလူနယ်ထဲမှာစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့စဥ်အတွင်းစစ်ရှောင်ခဲ့ရတဲ့စစ်ရှောင်ပြည်သူတွေနဲ့မီးဘေးသင့် ပြည်သူထောင်ဂဏန်းရှိနေပြီး အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။