စစ်ကောင်စီက ချင်းပြည်နယ်ကို စစ်အင်အားဖြည့်ဖို့အတွက် အရပ်သားကားအစီးနှစ်ဆယ်ကျော်ချောဆွဲ

မတ်၊ ၉

စစ်ကောင်စီက ချင်းပြည်နယ်မှာ စစ်အင်အားဖြည့်ဖို့အတွက် အရပ်သားကား အစီးနှစ်ဆယ်ကျော်ကို ချောဆွဲ သွားပြီး စုစုပေါင်း ကားအစီးသုံးဆယ်ပါယာဉ်တန်းနဲ့ ဒီကနေ့မနက်ပိုင်းကစလို့ ကလေးမြို့ကနေ ချင်းတောင် ဘက်ထွက်ခွာသွား တယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။

 အဲ့ဒီယာဉ်တန်းမှာ သံချပ်ကာကား နှစ်စီးအပါအဝင် ဆယ့်နှစ်ဘီးကားတွေ၊ ခြောက်ဘီးကားတွေနဲ့ ကားအစီး သုံးဆယ်လောက်ပါဝင်ပြီး ဆယ့်နှစ်ဘီးကားဆယ်စီးကျော်နဲ့ ခြောက်ဘီးကားတွေဟာ စစ်ကောင်စီက တပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အရပ်သားတွေဆီကချောဆွဲထားတဲ့ကားတွေဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

 “သူတို့ချောဆွဲတာခံရပြီဆိုရင် အနည်းဆုံးသုံးလေးရက်ပဲ၊ခိုင်းချင်တာခိုင်းပြီးမှပြန်လွတ်တယ်၊အဲ့ဒီအ တောအ တွင်း ဖုန်းပြောလို့မရဘူး၊ဖုန်းကိုသိမ်းထားတယ်” လို့ စစ်ကောင်စီတပ်ရဲ့ ချောဆွဲမှုကို ခံရဖူးတဲ့ ကားသမား တဦး ကပြောပါတယ်။

အခုစစ်ကောင်စီယာဥ်တန်း ချင်းတောင်ကိုမတက်ခင် ပြီးခဲ့တဲ့မတ်လ ၇ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီ အင်အား ၇၀ ဝန်းကျင်ဟာ ချင်းတောင်ကိုခြေလျင်တက်သွားကြတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိ ရပါတယ်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း စတင်ထွက်ခွာလာတဲ့ မတ်လ ၇ရက်ကစပြီး ချင်းတောင်ပေါ်မှာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်လို့ ခရီးသွားလာမှုတွေမလုပ်ကြဖို့ PDF-Zoland နဲ့ CDF-Siyin အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

 လက်ရှိ စစ်ကိုင်းတိုင်းကလေးကနေ ချင်းတောင်ပေါ်တက်တဲ့လမ်းတလျှောက် အဲ့ဒီလို စစ်ရေးလှုပ်ရှားမှု တွေရှိ နေတာကြောင့် အရပ်သားခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေလည်းပြေးဆွဲမှုရပ်နားထားတယ်လို့ သိရပါ တယ်။

“ခုနစ်ရက်နေ့ကစ ကားတွေကမသွားတာ။ ခုကားတန်းတက်သွားပြန်ပြီဆိုတော့ဘယ်လောက်စောင့်ရဦး မယ်မ သိဘူး၊ကားဂိတ်တွေမေးတော့ သူတို့လည်းမပြောနိုင်ဘူး” လို့ ကလေးမြို့ကနေ ချင်းပြည်နယ်ကိုပြန်ဖို့ရှိနေတဲ့ ခရီးသွားတဦးကပြောပါတယ်။

စစ်ကောင်စီယာဥ်တန်းပေါ်မှာ ရိက္ခာတွေလည်းတင်ဆောင်သွားပြီး ယာဥ်တန်းမှာပါသွားတဲ့ စစ်ကောင်စီ အဖွဲ့ ဝင်အင်အားကိုတော့ သိရှိရခြင်းမရှိပါဘူး။

“ခုနောက်ပိုင်း သူတို့က ကားတစီးကိုအများကြီးမပါဘူး၊ခြောက်ယောက်ဝန်းကျင် လောက်ပဲလိုက်ကြ တာများ တယ်၊မိုင်းဆွဲခံရရင်အများကြီးမထိအောင်ပေါ့၊ဒါကြောင့်သူတို့ကားအများကြီးနဲ့တက်တာ၊ အင်အားအများကြီးပါ မယ်လို့မထင်ဘူး” လို့ တော်လှန်ရေးအင်အားစုဝင်တဦးကပြောပါတယ်။

 ချင်းပြည်နယ်က တီးတိန်၊ဖလမ်း၊ ဟားခါး စတဲ့မြို့တွေကို ကြက်သား၊ကြက်ဥ၊ငါး အပါအဝင်စား သောက် ကုန် ပစ္စည်းတွေ ကလေးမြို့ကနေပို့ဆောင်နေကြတာဖြစ်ပါတယ်။ ချင်းတောင် – ကလေးကားလမ်းပိတ်ဆို့မှု ရက်ကြာ လာရင် ပစ္စည်းတချို့ စျေးတက်တာ၊ ပြတ်လပ်တာတွေရှိနိုင်ပြီး လက်ရှိအထိတော့ ကုန်စျေးနှုန်း တည်ငြိမ်နေ သေးတယ်လို့ ချင်းပြည်နယ်ဒေသခံတွေဆီကသိရပါတယ်။