မီလန်နဲ့ပွဲမှာ အရန်ခုံ ထိုင်ခိုင်းခဲ့တဲ့ တော့တင်ဟမ် မန်နေဂျာ ကွန်တီကို ရစ်ချာလီဆန် ဝေဖန်

မတ်၊ ၉

ချန်ပီယံလိဂ် ပြိုင်ပွဲကနေ တော့တင်ဟမ် ဟော့စပါး အသင်း စောစောစီးစီး ထွက်ခွာခဲ့ရတဲ့နောက် တိုက်စစ်မှူး ရစ်ချာလီဆန်က အကြီးအကျယ် ပေါက်ကွဲပြီး မန်နေဂျာ အန်တိုနီယို ကွန်တီကိုပါ ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

 အသက် ၂၅ နှစ်အရွယ် ဘရာဇီး တိုက်စစ်မှူးဟာ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ကာလမှာ အဲဗာတန်ကနေ တော့တင်ဟမ်ကို စတာလင်ပေါင် သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ သူဟာ လန်ဒန် ကလပ်မှာတော့ ပုံစံကောင်းပြဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်မှာ ၂ ဂိုး သွင်းထားနိုင်ခဲ့တဲ့တိုင် ပရီးမီးယားလိဂ်မှာ ၁၇ ပွဲ ကစားပြီးချိန်ထိ ဂိုးပေါက် ပျောက်နေပါတယ်။

 တော့တင်ဟမ်ဟာ မတ် ၈ ရက်က ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ အီတလီကလပ် အေစီမီလန်ကို ဂိုးမရှိ သရေကျခဲ့ပြီး ကွန်တီက အဲဒီပွဲမှာ ရစ်ချာလီဆန်ကို အရန်လူ အဖြစ်သာ သတ်မှတ်ထားခဲ့ပါတယ်။ မီလန်ဟာ ပထမအကျော့က အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီး တော့တင်ဟမ်ကတော့ ဒီအဆင့်ကနေ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

 အရန်ခုံကနေ ထပြီး မိနစ် ၂၀ လောက်သာ ကစားခွင့် ရခဲ့တဲ့ ရစ်ချာလီဆန်က ပွဲအပြီး အင်တာဗျူးမှာတော့ သူ့အနေနဲ့ ဘာကြောင့် အရန် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတယ် ဆိုတာကို လုံးဝ နားမလည်နိုင်ကြောင်း၊ သူဟာ ပုံစံကောင်း ရနေပြီး ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကို နိုင်တဲ့ ပွဲတွေမှာလည်း ကောင်းကောင်း ကစားနိုင်ခဲ့ကြောင်း၊ အဲဒီနောက် ရုတ်တရက် ဆိုသလို မန်နေဂျာက ဝုလ်ဗ်နဲ့ပွဲမှာ သူ့ကို အရန်ခုံ ပို့ခဲ့ပြီး ဘာအကြောင်းပြချက်မှလည်း မပေးခဲ့ကြောင်း၊ နောက်တော့ နည်းပြအဖွဲ့ဟာ သူ့ကို ကြံ့ခိုင်မှု စစ်ဆေးပြီး ရလဒ်ကောင်းရင် မီလန်နဲ့ပွဲမှာ ပွဲထွက်ခွင့် ပေးမယ်လို့ အသိပေးလာခဲ့ပြီး တကယ်တမ်းကျတော့ အရန်ခုံ အပို့ခံခဲ့ရပြန်ကြောင်း၊ ဒီလို ကဂျိုးကဂျောင်နိုင်တဲ့ ကိစ္စတွေက နားလည်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။

 သူက နောက်တနေ့မှာ ကွန်တီ ဘာပြောဦးမလဲ ဆိုတာကို နားထောင်ရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သိထားသင့်တာ တခုက အသင်းမှာ ရူးနေတဲ့သူ တယောက်မှ မရှိကြောင်း၊ သူဟာ နေ့တိုင်း ကြိုးကြိုးစားစား ပြင်ဆင် လေ့ကျင့်နေတဲ့ ပရော်ဖက်ရှင်နယ် တဦးဖြစ်ပြီး ပွဲကစားချင်ကြောင်း၊ ကွင်းထဲကို ရောက်တာနဲ့ သူဟာ အစွမ်းကုန် ပေးဆပ် ကစားလေ့ရှိပြီး ဒီပွဲမှာလည်း ပွဲထွက်ခွင့် ရခဲ့သင့်တယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ရစ်ချာလီဆန်က ပြောဆိုသွားခဲ့ပါတယ်။

 တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့နောက် အခုရာသီကိုလည်း ဖလားလက်မဲ့ ဖြတ်သန်းရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။