ပီအက်စ်ဂျီအတွက် အဆုံးမသတ်နိုင်သေးတဲ့ ချန်ပီယံလိဂ် ကျိန်စာ

မတ်၊ ၉

 ပြင်သစ် ထိပ်တန်းကလပ် ပီအက်စ်ဂျီ အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ပြီး ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် အဆင့်ကနေ ထွက်ခွာခဲ့ရပြန်ပြီ ဖြစ်ပါတယ်။

 ဥရောပ ချန်ပီယံအဖြစ် ရပ်တည်နိုင်ဖို့ အသင်းကို ရည်မှန်းချက်ကြီးကြီး တည်ဆောက်နေတဲ့ ပီအက်စ်ဂျီရဲ့ ပရောဂျက်တွေ အခုထိ အလုပ် မဖြစ်သေးတာ ဒီပွဲရလဒ်က သက်သေပါပဲ။ ပီအက်စ်ဂျီဟာ ဥရောပရဲ့ အကောင်းဆုံး စာရင်းဝင် လူစာရင်းတခုကို ပိုင်ဆိုင်ထားတဲ့တိုင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး ၇ နှစ်အတွင်း ၁၆ သင်း ရှုံးထွက် အဆင့်ကနေ ပဉ္စမ အကြိမ်မြောက်အဖြစ် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

 ပီအက်စ်ဂျီဟာ ဂျာမန်ထိပ်သီး ဘိုင်ယန်ရဲ့ အိမ်ကွင်းမှာ အဲရစ် မက်ဆင်မ် ချူပိုမိုတင်၊ ဆာဂျီ ဂျီနာဘရီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၀ နဲ့ အရေးနိမ့် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာ လီယွန်နယ် မက်ဆီနဲ့ ကိုင်လီယန် အမ်ဘက်ပီတို့ အပါအဝင် ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားတွေ စုဖွဲ့ထားပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဝါရော၊ သမ္ဘာပါ ပြတ်ပြတ်သားသား သာလွန်တဲ့ ဘိုင်ယန်ကို မကျော်နိုင်ခဲ့ပါဘူး။

 ပီအက်စ်ဂျီဟာ မနှစ်တုန်းက ပြိုင်ပွဲမှာလည်း အခုအဆင့်မှာပဲ ရီးရဲလ်မက်ဒရစ် အသင်းကို အရေးနိမ့် ထွက်ခွာခဲ့ရပြန်ပါတယ်။ ပီအက်စ်ဂျီအတွက် ကံဆိုးလေ့ရှိတာ တစ်ခုက ပြိုင်ပွဲရဲ့ အခုအဆင့်မှာ ဥရောပရဲ့ ဟဲဗီးဝိတ်တန်း အသင်းကြီးတွေနဲ့ မကြာခဏ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။

 ပီအက်စ်ဂျီကို ပိုင်ဆိုင်တဲ့ ကာတာ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကမ္ဘာ့ထိပ်တန်း အထင်ကရ ဘောလုံးကြယ်ပွင့်တွေကို ဆက်တိုက် ခေါ်ယူပေးပြီး အသင်းအတွက် အလုံးအရင်း ရင်းနှီးမြှုပ်နှံခဲ့ပေမယ့်လည်း အခုထိတော့ သူတို့ အလိုချင်ဆုံး ဥရောပ အောင်မြင်မှုမျိုး ရမလာသေးပါဘူး။

 အခုအခါမှာတော့ ဘောလုံးကျွမ်းကျင်သူ တချို့က ပီအက်စ်ဂျီ အနေနဲ့ အမြစ်ကစ မြေလှန်ပြောင်းလဲမှုတွေ လုပ်သင့်နေပြီလို့ ဝေဖန် ထောက်ပြလာကြပါတယ်။ ပီအက်စ်ဂျီဟာ ဘိုင်ယန်၊ ရီးရဲလ်စတဲ့ ဥရောပရဲ့ ထိပ်ဆုံးအဆင့် အသင်းတွေနဲ့ ယှဉ်ရင် ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေဆဲဆိုတာ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ အကြိမ်ကြိမ် မီးမောင်းထိုးပြပြီး ဖြစ်နေတာကြောင့်ပါ။

 အခုနွေရာသီမှာ အသင်းရဲ့ ဝါရင့် ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ဆာဂျီယို ရာမို့စ်တို့ဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီကို စွန့်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။