KBC ဥက္ကဌဟောင်းကို စစ်ကောင်စီ တရားရုံးက ပုဒ်မ နှစ်ခုအတွက် စတင်စစ်ဆေး

မတ်၊ ၇

ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးက စွဲချက်တင်ထားတဲ့ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ကအမှုတွေကို ဒီကနေ့ မြစ်ကြီးနားတရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့ KBC နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” ဒီကနေ့ ပုဒ်မနှစ်ခုအတွက် ဆရာ့ကို စတင်စစ်ဆေးတာပေါ့၊ နောက်တပတ်ရုံးချိန်းကို ၁၄ ရက်နေ့ ချိန်းလိုက်ပါတယ်၊ ကျန်းမာရေးကတော့ ကောင်းတယ်ပြောတယ် ဒါပေမယ့် မိသားစုနဲ့တော့ မတွေ့ရသေးဘူး ” လို့ KBC နဲ့ နီးစပ်သူက ဆိုပါတယ်။

ကချင်လူထုကြားမှာ ထင်ရှားတဲ့ ဒေါက်တာဟာ လက်ရှိမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) စတဲ့ အမှု ၃ ခုနဲ့ တရားရင်ဆိုင်နေရတာပါ။

ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွားမှာ စစ်ကောင်စီက ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနဲ့ မတရားအသင်းအဖြစ် ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဗိုလ်တစ်ဦးက တရားလိုလုပ်ပြီး တရားစွဲတာတွေ လုပ်ခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောထားထုတ်ပြန်တာတွေ ရှိနေသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း ပြန်လွှတ်ပေးဖို့ တိုက်တွန်းမှုတွေလုပ်ထားပါတယ်။

ဓာတ်ပုံ – Social Media