မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာမှာ စစ်ကောင်စီကြောင့်သေဆုံးခဲ့သူ သုံးဦးအလောင်းမတွေ့ရသေး

မတ်၊ ၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာကိုမတ်လ၅ရက်၊မနက် ၅နာရီမှာစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ဒေသခံ၂၀၀ကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့စစ်ရှောင်အမျိုးသား၂ဦးနဲ့အမျိုးသမီးတဦးအလောင်းမတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

“ဘယ်လိုပုံစံမျိုးနဲ့သတ်ခံရလည်းဆိုတာကျွန်တော်တို့တိတိကျကျမပြောနိုင်ဘူး။ဒါပေမယ့်သူတို့သတ်ရင်ကောင်းကောင်းမွန်မွန်ဆိုတဲ့ ရုပ်အလောင်းဆိုတာမရှိပါဘူး။သူတို့ကတော့ရစရာမရှိအောင်ကိုအကြမ်းဖက်တယ်။အလောင်း၃လောင်းကိုခုချိန်ထိတိုင်မတွေ့ရသေးဘူး ။ဧရာဝတီမြစ်ကြောင်းဘက်ကိုဆွဲသွားတဲ့အရာတွေ့လို့လိုက်ရှာနေတယ်။ရွာသားတွေအခုမရွာထဲပြန်ဝင်ရှာနေတာ ”လို့ကိုတေဇာကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက္ကပင်ရွာကိုအာလက္ကပရွာကနေ မနက် နှစ်နာရီထိုးလောက်ထွက်လာပြီး မနက်လေးနာရီလောက်မှာဝင်စီးကာဒေသခံတွေပုန်းအောင်းနေတဲ့ရွာတောင်ပိုင်းက ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့တယ်လို့လည်းပြောပါတယ်။

“စစ်ရှောင်နေတဲ့ဒေသခံ၂၀၀ဦးကိုဓားစာခံပုံစံမျိုးနဲ့ သူတို့သတ်မှတ်ထားတဲ့နေရာမရောက်ခင်ထိအောင်ဖမ်းခေါ်သွားတာပေါ့နော်။သူတို့ပါလာတဲ့ကျည်အိတ်တို့ဘာတို့အဲ့တာတွေကိုထမ်းခိုင်း လမ်းပြဆိုခေါ်သွားတာပဲ”လို့သူကဆိုပါတယ်။

ဖမ်းဆီးထားသူတွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးမျခင်တွေကိုပြန်လွှတ်ပေးတယ်ဆိုပေမယ့် အရေအတွက်တိတိကျကျမသိရပါဘူး။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ မြင်းမူမြို့နယ်ဘေးပတ်လည်ကရွာတွေကိုဒီကနေ့မတ်လ၇ရက်အချိန်မှာလည်းဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။

အလားတူယင်းမာပင်မြို့မှာလည်းဒီကနေ့မတ်လ၇ရက်မှာ ယင်းမာပင်မြို့နယ်ပေကုန်းကျေးရွာကကိုဉာဏ်ဝင်းဆိုသူကိုအကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တပတ်အတွင်းမှာ အရပ်သားတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးအကြမ်းဖတ်သတ်ဖြတ်တာဟာစစ်ကိုင်းမြို့နယ် တာတိုင်ရွာမှာ ၁၇ဦး ၊ယင်းမာပင်မြို့နယ် ပေကုန်းကျေးရွာမှာတဦး ၊ကျေးစာကျးရွာမှာတဦးမြောက်နုန်းကျေးရွာမှာ၃ဦး၊ မတ်လ ၂ရက်မှာ  တာဝကျေးရွာမှာ ၆ဦးတို့ကိုအကြောင်းမဲ့သတ်ဖြတ်ခဲ့ပါသေးတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အခုတာတိုင်ကျေးရွာလို ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ပေါင်း ၃၀ နီးပါးအထိ ရှိတယ်လို့ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

Universal Jurisdiction လို့ခေါ်တဲ့  နိုင်ငံအလိုက်တရားစွဲဆိုနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆိုးရွားတဲ့ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကို အမှုတွဲအဖြစ်ပြင်ဆင်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက်တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို  လည်းပြောပါတယ်။