NUGက ပထမဆုံးကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ပီဒီအက်ဖ် ခုနှစ်ရာကျော်ဝင်ဖြေမယ်

မတ်၊ ၇

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ကျင်းပမဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ နိုင်ငံတဝန်းက ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ရဲဘော်၊ ရဲမေ (၇၀၀) ကျော် ပါဝင်ဖြေဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့အတွက် တနိုင်ငံလုံးက တပ်ရင်း၊ တပ်ဖွဲ့တွေကနေ ယမန်နေ့ မတ်လ ၆ရက်အထိ စာရင်းပေးပို့လာတာဖြစ်ပြီး စာရင်းရောက်မလာသေးတဲ့ ရဲဘော်၊ ရဲမေတွေလည်း ကျန်ရှိနေသေးတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။ 

 “နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူ စုစုပေါင်း (၇၀၀) ကျော်ခန့်ရှိပါတယ်။တချို့မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက် ထားတာ တွေကြောင့်   စာမေးပွဲဖြေဆိုစာရင်းသွင်းဖို့ အင်တာနက်ရတဲ့နေရာအထိ မိုင်ပေါင်းများစွာ လမ်းလျှောက်ပီး စာရင်းပေးပို့ကြရတာတွေရှိပါတယ်”လို့ သူက ပြောပါတယ်။ 

လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလပညာရေးကို ၂၀၂၁ခုနှစ်၊ဇွန်လမှာစတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဖြေဆိုရမယ့်စာမေးပွဲဖြစ်ပြီးကျောင်းသူ၊ကျောင်းသားဘယ်လောက်ဖြေဆိုမယ်ဆိုတာတော့မသိရသေးပါဘူး။

 တချို့စာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ ရဲဘော်တွေဟာ ရှေ့တန်းစစ်မြေပြင်တွေကို ရောက်ရှိနေတဲ့အတွက် စစ်ရေးတာဝန်တွေအပြင် စာမေးပွဲပြင်ဆင်နေမှုတွေအတွက်ပါ အခက်အခဲပေါင်းစုံကြားကနေ ကြိုးစားနေကြတယ်လို့ သိရပါတယ်။ 

 NUG ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ပြင်ဆင်နေသူတွေကို စစ်ကောင်စီ ရဲ့ စစ်ကျွန်ပညာ ရေး စနစ်ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သော ဆရာ၊ ဆရာမတွေ ၊တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူတွေက  နေ့စဉ် ကူညီသင်ကြားပေးနေကြတယ်လို့ ဆိုပါတယ်။

 NUG အစိုးရ ပညာရေးဝန်ကြီးဌာနဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်နေတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသူ/သားတွေအပြင် နိုင်ငံတစ်ဝန်းက ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မကြာမီကျင်းပတော့မှာဖြစ်ပါတယ်။ 

အောင်မြင်တဲ့သူတွေကို ပြည်ပတက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီးပညာသင်ခွင့်ရရှိရေးအပြင်အဆင့်မြင့်ပညာသင်ကြားခွင့်ရရှိရေးဆောင်ရွက်ပေးနေတာလည်းရှိပါတယ်။

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အစိုးရ အသိအမှတ်ပြုတဲ့  ပညာရေးအတန်းတွေနဲ့ NUG အစိုးရက အသိအမှတ်ပြုတဲ့ ကျောင်းတွေမှာ နိုင်ငံတဝန်းက သန်းနဲ့ချီတဲ့ ကလေးသူငယ်တွေဟာ ပညာသင်ယူနေကြပါတယ်။