အခွန်ကောက်ယူရာမှာ တရားမျှတမှုနဲ့ကြောင်းကျိုးဆီလျော်မှုကို အခြေခံဖို့ ယာယီသမ္မတပြော

မတ်၊ ၇

လူထုဆီက အခွန်ငွေတွေကောက်ခံရာမှာ တရားမျှတမှုနဲ့  ကြောင်းကျိုးဆီလျော်မှုကိုအခြေခံမူအဖြစ် ထားပြီး ဆောင်ရွက်ဖို့လိုသလို အခွန်ထမ်းပြည်သူတွေကို အလွန်အမင်းဝန်ပိစေမယ့်အခြေအနေမျိုးကို ရှောင်ကြဉ်ဖို့လို တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလကပြောပါတယ်။

ဒီကနေ့ မတ်လ ၇ရက်မနက်ပိုင်းကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အဖွဲ့ အစည်းအဝေးမှာ ပြည် ထောင်စု အခွန်အကောက်ဥပဒေဆွေးနွေးအတည်ပြုတာနဲ့ပတ်သက်လို့ ယာယီ သမ္မတက အဲ့ဒီလိုပြောဆိုခဲ့တာပါ။

“လူမှုတရားမျှတမှုစံကနေ ကင်းလွတ်တဲ့ အခွန်ကောက်ခံခြင်းနည်းလမ်းတွေကို အထူးရှောင်ကြဉ်ရပါလိမ့်မယ်၊ လက်နက်ပြပြီးအခွန်ကောက်တာမျိုးကို ကျွန်တော်တို့မလိုလားပါဘူး၊ဒါဟာကျင့်ဝတ်ဖြစ်ပါတယ်၊စံဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

NUG ထိန်းချုပ်နယ်မြေတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အခွန်ကောက်ခံမှုတွေစတင် လုပ် ဆောင် ခဲ့ပြီး နှစ်ကုန်အထိ ခုနစ်လအတွင်း ကျပ်သုံးဘီလီယံ(သန်းသုံးထောင်)ဝန်းကျင် ရထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားပါတယ်။

NUG[M တော်လှန်ရေး အစိုးရဖြစ်တဲ့အတွက် တော်လှန်ရေးရန်ပုံငွေလိုအပ်ချက်လည်းရှိနေတာမို့ NUG ရဲ့ထိန်း ချုပ်ဧရိယာတွေမှာ အခွန်ကောက်ခံခြင်းဟာ အရေးကြီးတဲ့ကိစ္စတခုဖြစ်ပြီး အလေအလွင့်မဖြစ်အောင် သတိထား ဖို့လိုတယ်လို့ ယာယီသမ္မတကဆိုပါတယ်။

“စနစ်မမှန်ကန်ရင် လူထုကအခွန်ထမ်းပေမယ့် ကျွန်တော်တို့အစိုးရမှာ ရသင့်ရထိုက်တဲ့အခွန်ဘဏ္ဍာငွေပမာဏ ရမှာမဟုတ်ပါဘူး၊အလယ်ကလူဖြတ်စား လှီးစားလုပ်တာကိုလည်း ခံရနိုင်ပါတယ်”လို့ သူက သတိပေးပါတယ်။

ဒီကနေ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုအခွန်အကောက်ဥပဒေကို စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက အစိုးရအဖွဲ့ကို တင်ပြခဲ့တယ်လို့သိရပါတယ်။

NUG ရဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတော့ လတ်တလောလတွေအတွင်း စစ်ကောင်စီက လူမ ဆန်တဲ့လုပ်ရပ်တွေ ကိုပြောင်ပြောင်တင်းတင်းပိုမိုကျူးလွန်လာတာကြောင့် ပြည်သူ့အုပ်ချုပ်ရေး အင်အားစု တွေ အနေနဲ့ သမားရိုးကျ လုံခြုံရေးအစီအမံတွေအပြင် ဒေသခံတွေနဲ့ ပိုမိုပေါင်းစည်းလုပ်ဆောင်နိုင်မယ့် စုဖွဲ့ပြင်ဆင် မှုတွေလည်း တိုးတက်အားကောင်းလာအောင်လုပ်ဆောင်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“ဖက်ဆစ်စစ်တပ်က ဒီလိုဒုက္ခပေးနှိပ်စက်နေတဲ့ ပြည်သူတွေအတွက်ဘက်ပေါင်းစုံက ရှိသမျှခွန်အားနဲ့ အကာ အကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရမှာ အပြည့်အဝတာဝန်ရှိပါတယ်”လို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။