ပုသိမ်ခရိုင်အတွင်းမှာ တဆယ့်ငါးရက်အတွင်း တောဆင်ရိုင်းနှစ်ကောင်အသတ်ခံရ

မတ်၊ ၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်ခရိုင်အတွင်းမှာ ရက်ပေါင်း ၁၅ ရက်အတွင်း တောဆင်ရိုင်းနှစ်ကောင်အသတ်ခံခဲ့ရတယ်လို့ သစ်တောဦးစီးဌာနနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်ကဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ပုသိမ်မြို့နယ်ချောင်းသာဒေသ၊ကန်တော်ကြီးကျေးရွာအုပ်စုအရှေ့တောင်ဘက်တောစပ်မှာ အမြင့် ၈ ပေခွဲရှိတဲ့ ဟိုင်းဆင်အမျိုးအစားတောဆင်ရိုင်းတကောင်သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

”အဲဒီတောဆင်ရိုင်းကိုလည်းမုဆိုးတွေသတ်တာပါပဲ။ ဒါပေမယ့် တောဆင်က ဒဏ်ရာနဲ့ထွက်ပြေးပြီးရွာနဲ့ အနီးဆုံးနေရာမှာ အသက်ကုန်သွားတော့ဆင်အရေခွံကို ဆုတ်ယူဖို့အချိန်မရတော့တာဖြစ်နိုင်တယ်” လို့ တောဆင်ရိုင်း ထိန်းသိမ်း စောင့်ရှောက်တဲ့ အဖွဲ့ဝင် တဦး က DNA ကိုပြောပါတယ်။

အလားတူပဲ မတ်လ ၅ရက်နေ့မှာလည်း  ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်းက အကွက်အမှတ် (၉၂) ဒေသခေါ် ကျောက်နီ ချောင်းအနီးမှာပြီးခဲ့တဲ့ သတ်ဖြတ်ခံထားရပြီး သေဆုံးနေတဲ့ တောဆင်ရိုင်းတကောင်ကိုတွေ့ခဲ့တယ်လို့ သစ် တောဦးစီးဌာနကသတင်းအရင်းအမြစ်ကပြောပါတယ်။

”မတ်လ ၃ရက်နေ့ကတည်းကအသတ်ခံရတာ၊ ဆင်သတ်မုဆိုးတွေက ခေါင်းဖြတ်အစွယ်ထုတ်ပြီးအရေခွံခွာယူတာတွေအချိန်ယူပြီးလုပ်သွားတာလို့”  သစ်တောဦးစီးဌာနကဝန်ထမ်းတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ တပေါင်းလဆန်းမတိုင်ခင်ကတည်းက ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ ငပုတောမြို့နယ်ထဲမှာဘုရားပွဲတော်တွေကျင်းပနေချိန် ဘုရားပွဲတော်ကို အကာအကွယ်ယူပြီး ဆင်သတ်မုဆိုး ၈ ဖွဲ့လောက်ဟာ ပုသိမ်ရိုးမထဲကိုရောက်နေခဲ့တာဖြစ်တယ်လို့ ဆင်ချစ်သူများအသင်းဝင်တချို့ကလည်းဆိုပါတယ်။

တောဆင်ရိုင်းတွေကိုသတ်ပြီးတဲ့အခါ ဆင်နဲ့ပတ်သက်တဲ့ ဆင်စွယ်၊ ဆင်သားရေ၊ ဆင်ရိုး၊ ဆင်ခွာကြပ်တင်ထားတဲ့ ဆင်အသားနဲ့ ဆင်မြီးတို့ကို သစ်တောထွက်ပစ္စည်းမှောင်ခိုကုန်သည်တွေက နည်းလမ်းအမျိုးမျိုးသုံးပြီး တရုတ်နဲ့ ထိုင်းနယ်စပ်တွေကို ပို့ဆောင်ရောင်းချကြတယ်လို့လည်းလို့ ရဲဝန်ထမ်းဟောင်း တဦး က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း  ပုသိမ်ခရိုင်အတွင်းကသစ်တောတွေထဲမှာ တောဆင်ရိုင်းလေးကောင်ကိုမုဆိုးတွေသတ်ဖြတ်ခဲ့တာရှိသလို  ဆင်ရိုင်းတကောင်ကတော့ နုံးကျွံကာသေဆုံးခဲ့ပြီးနောက်ထပ်တကောင်ကတော့ ဝမ်းပျက်ဝမ်းလျောဖြစ်ပြီးသေဆုံးခဲ့တယ်လို့  သစ်တော ဦးစီး ဌာန မှတ်တမ်း တွေအရ သိရပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်၊ သာပေါင်း၊ ငပုတော ရေကြည်၊  လေးမျက်နှာ မြို့နယ် တွေမှာ ရခိုင်ရိုးမတောင်စွယ်တောတောင်တွေအတွင်းလှည့်လှည်ကျက်စားနေတဲ့ တောဆင်ရိုင်း ၂၀၀ ထက်မနည်းရှိတယ်လို့ တောဆင်ရိုင်း ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ တွေဆီကသိရပါတယ်။