ခင်ဦးမြို့နယ်ကစစ်ရှောင်အယောက်၅၀ကျော်ကို ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီး၊ ခုနှစ်ဦးထွက်ပြေးလွတ်မြောက်

မတ်၊ ၇

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ခင်ဦးမြို့နယ်၊မြောက်ဘက်ခြမ်းနဲ့ ကန့်ဘလူအစပ်က ကျေးရွာတွေကစစ်‌ရှောင်အယောက်၅၀ကျော်ကိုမတ်လ ၆ရက်မှာစစ်ကောင်စီကဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

“သူတို့ကမနေ့ကစစ်ကြောင်းထိုးကတည်းကစစ်‌ရှောင်တွေဖက်ကိုစစ်ကြောင်းဖြတ်တာ ။အဲ့ဒီထဲမှာ စစ်ရှောင်တွေကိုဖမ်းသွားတာ ။ဒီကနေ့ အထိစစ်ကြောင်းနောက်ခေါ်သွားတာ ကျည်စုကျေးရွာကအများဆုံးပါတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေအနက် ၇ဦးဟာ မနေ့က ထွက်ပြေးလွတ်မြောက်လာတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျန်နေတဲ့ဓားစာခံတွေကိုရိုက်နှက်တာ နဲ့ညှင်းပန်းနှိပ်စက်တာတွေရှိနေတယ်လို့ ဖမ်းဆီးသွားတဲ့ထဲကနေပြန်လည်လွတ်မြောက်လာသူ၇ဦးရဲ့ပြောကြားချက်တွေအရသိရတယ်လို့သူကဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဟာ ရှားတောကျေးရွာ နဲ့ကျည်စုကျေးရွာကဒေသခံတွေဖြစ်တယ်လို့လည်းသိရပါတယ်။

ဓားစာခံတွေထဲမှာ ကျား၊ မ၊အသက်အရွယ်ဘယ်လောက်ရှိတယ်ဆိုတာ ပြန်လည်လွတ်မြောက်လာသူတွေကပြောမပြနိုင်ဘူးလို့လည်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

ဒါ့အပြင်လတ်တလောတိုက်ပွဲတွေဖြစ်နေလို့ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့လည်းပြောပါတယ်။

မနေ့ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေဟာကန့်ဘူနယ်ဖက်အခြမ်းမှာတိုက်ပွဲဖြစ်နေတယ်လို့လည်းဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ရက်က စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊ရွှေလှေကျေးရွာအုပ်စု၊ တာတိုင်ရွာကဒေသခံ၁၇ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွါးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကမြင်းမူမြို့က လက်ကာကျေးရွာကို မတ်လ ၅ရက်ကစစ်ကြောင်းထိုးပြီး ရွာကိုစစ်ရှောင်လာတဲ့ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတဦးတို့ကိုသတ်ဖြတ်ကာ ဒေသခံ ၂၀၀ခန့်ကိုဖမ်းဆီးခဲ့ပါသေးတယ်။ 

ဖမ်းဆီးခံသူတွေထဲကသက်ကြီးရွယ်အိုနဲ့ကလေးမိခင်တွေကိုပြန်လွှတ်ပေးခဲ့ပေမယ့်ကျန်တဲ့သူတွေကိုဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ပုံစာ-ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ ရွှေပြည်အေး(ကာသဲကျေးရွာ)ဒေသခံ၁၉ဦးကို ၂၀၂၁နှစ်၊အောက်တိုဘာလက စစ်ကောင်စီကဖမ်းဆီးသွားစဉ်။