ဘက်ခ်မတ်က ယူကရိန်းတပ်တွေ မဆုတ်ခွာဘဲ နှစ်ဆတိုးပြီး ခုခံနေတယ်လို့ ယူကရိန်း သမ္မတပြော

မတ်၊ ၇

ဘက်ခ်မတ်မြို့ကို ကာကွယ်နေတဲ့ ယူကရိန်း တပ်တွေဟာ ဆုတ်ခွာဖို့ လတ်တလော မစဉ်းစားသေးဘဲ နှစ်ဆတိုးပြီး မဆုတ်မနစ် ခုခံနေကြဆဲလို့ ယူကရိန်း သမ္မတက ပြောပါတယ်။

 ယူကရိန်း အရှေ့ပိုင်းက သတ္တုတွင်းမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့တဲ့နောက် အခုဆိုရင် ရုရှားတပ်တွေက မြို့ရဲ့ ဆင်ခြေဖုံးထိ ချဉ်းကပ်လာနိုင်ခဲ့ပြီ ဖြစ်သလို မြို့စောင့် ယူကရိန်း တပ်တွေနဲ့ အနီးကပ် တိုက်ပွဲတွေ ဖြစ်ပေါ်နေပါတယ်။

 အစောပိုင်းမှာ ယူကရိန်း အစိုးရ အရာရှိ တချို့က ဘက်ခ်မတ်ကို စွန့်ခွာပြီး တပ်တွေ ပြန်ရုပ်သိမ်းစေဖို့ ဖြစ်နိုင်ခြေကို စဉ်းစားနေရပြီလို့ ပြောကြားခဲ့ဖူးပါတယ်။ အခုအခါမှာတော့ မြို့ခံ ခုခံရေး တပ်ဖွဲ့တွေဟာ သူတို့ရဲ့ အားထုတ်မှုကို နှစ်ဆ တိုးမြှင့်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသလို ထိပ်တန်း စစ်ဦးစီး ဗိုလ်ချုပ်တွေကလည်း မြို့ကို ဆက်ထိန်းထားဖို့ သူ့ကို ထောက်ခံ အကြံပြုထားကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။

 ဘက်ခ်မတ်ရဲ့ ဒုတိယ မြို့တော်ဝန် အိုလက်ဇန်ဒါ မာချန်ကိုက မြို့ထဲက လမ်းတွေထိ တိုက်ပွဲတွေ ကူးစက်လာတဲ့တိုင် ရုရှားတပ်တွေဟာ ဘက်ခ်မတ်ကို ထိန်းချုပ်နိုင်စွမ်းတော့ မရှိသေးဘူးလို့ ပြောကြားထားပါတယ်။

 ဘက်ခ်မတ်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ယူကရိန်း ထိပ်တန်း စစ်ဦးစီးတွေနဲ့ သူဟာ အဆက်မပြတ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်း စစ်ဦးစီးတွေက ဘက်ခ်မတ်ကို စွန့်ခွာမယ့်အစား စစ်အင်အား ဖြည့်တင်းပြီး ကာကွယ်ဖို့သာ ဝိုင်းဝန်း အကြံပေးကြကြောင်း ဇီလန်စကီးက ဆက်ပြောပါတယ်။ ဘက်ခ်မတ်ကို စွမ်းစွမ်းတမံ ခုခံဖို့အပြင် တခြားရွေးချယ်စရာ နည်းလမ်းတွေလည်း မရှိသင့်ဘူးလို့ စစ်ဦးစီးတွေက အကြံပြုကြပြီး ဘက်ခ်မတ်က ယူကရိန်း တပ်တွေကို အကူအညီ ပေးနိုင်ဖို့ အစွမ်းကုန် ညှိနှိုင်း အဖြေရှာခဲ့ကြောင်းလည်း သမ္မတက မှတ်ချက်ပြုပါတယ်။

 ရုရှားရဲ့ ကြေးစားတပ် Wagnerက ဦးဆောင်ပြီး ဘက်ခ်မတ်ကို ဝန်းရံ ပိတ်ဆို့ထားပြီး ယူကရိန်း တပ်တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ Wagnerရဲ့ အကြီးအကဲက မကြာသေးခင် ရက်ပိုင်းအတွင်း ရုရှားဆီက ကတိပြုထားတဲ့ စစ်လက်နက်တွေ အချိန်မီ ရောက်မလာရင် ဘက်ခ်မတ်မှာ အရေးသာမှု ဆုံးရှုံးသွားနိုင်တယ်လို့ ထုတ်ဖော် သတိပေးထားပြီး အဲဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် အချင်းချင်း သစ္စာဖောက်တဲ့ အခြေအနေမျိုးလို့ပါ သတ်မှတ်နိုင်ကြောင်း အရိပ်အမြွက် သတိပေးထားခဲ့ပါတယ်။