- ကိုးကန့်ဒေသသည် မြန်မာပြည်၏ အရှေ့မြောက်ဘက် ရှမ်းပြည်၏ မြောက်ပိုင်းတွင် ရှိသည်။ ရှမ်းမြောက်ရှိ သံလွင်မြစ်ပေါ် ခွလျက်ရှိသော ကွန်လုံမြို့၏ မြောက်ဘက်တွင် ရှိသည်။ လားရှိုး မူဆယ် ကားလမ်းပေါ်ရှိ သိန္နီမြို့သို့ လားရှိုးမှ မိုင်(၄၀) ကျော်ခန့် ဝေးကွာသည်။ သိန္နီမှ အရှေ့မြောက်ဘက်သို့ မိုင် (၈၀) ကျော်ခန့် သွားလျှင် ကွန်လုံသို့ ရောက်သည်။ကွန်လုံမှ မြောက်ဘက်သို့ မိုင် (၂၀) ကျော် သွားလျှင် ချင်းရွှေဟော်သို့ ရောက်သည်။ ချင်းရွှေဟော်သည် ကိုးကန့်ဒေသအစဖြစ်သည်။
- ချင်းရွှေဟော်မှ မိုင် ၄၀ ကျော်ခန့်သွားလျှင် လောက်ကိုင်သို့ ရောက်သည်။ လောက်ကိုင်ကား ကိုးကန့် မြို့တော် ဖြစ်ချေ၏။
- အကျဉ်းဆိုရလျှင် ကိုးကန့်ဒေသသည် ကွန်လုံ၏ မြောက်ဘက် သံလွင်မြစ်နှင့် တရုတ်နယ်စပ်ကြားရှိ စတုရန်းကီလိုမိုင်တစ်သောင်းခန့် ကျယ်ဝန်းသည့် ဒေသဖြစ်သည်။ ကိုးကန့် တရုတ်ဒေသခံ အများစု နေထိုင်ပြီး ဒုတိယ အများစုမှာ ပလောင် တိုင်းရင်းသားများဖြစ်ပြီး ကျန်တိုင်းရင်းသားများမှာ အနည်းစု ဖြစ်သည်။
- ဒေသခံ ကိုးကန့် တရုတ်များသည် ဟန်မျိုးနွယ် တရုတ်များ ဖြစ်သည်။ ဟန်မျိုးနွယ် တရုတ်စကား ပြောကြသော်လည်းထူးခြားသည့် ဒေသသံပါဝင်သည်။
- အထက်ဗမာပြည်အား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၉၇ ခုနှစ် ဗြိတိသျှဘားမားအစိုးရ နှင့် တရုတ်ဧကရာဇ်တို့ချုပ်ဆိုခဲ့သည့် စာချုပ်အရ ကိုးကန့်ဒေသသည် ဗြိတိသျှဘားမားအစိုးရ၏ လက်အောက်ခံအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်း အင်္ဂလိပ်အစိုးရက ကိုးကန့်နယ် ခေါင်းဆောင်အား စော်ဘွားအဖြစ်အသိအမှတ်ပြုခဲ့ပြီး သိန္နီစော်ဘွား၏ လက်အောက်ခံ အဖြစ် အသိအမှတ်ပြုခဲ့၏။
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို မောင်မောင်စိုး၏ တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း တစေ့တစောင်း စာအုပ်မှ တိုက်ရိုက်ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို ရန်အောင် စာပေ (၂) က ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေထားပြီး စာမျက်နှာ ၁၈၂ မှ ၁၈၄ အထိ ဖော်ပြချက် တချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။