မတ်၊ ၆
ကလေးမြို့၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အနီးက အောင်သစ္စာရပ်ကွက်ထဲမှာ မတ်လ (၅) ရက် နေ့လယ်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်တဦး ပစ်သတ်ခံလိုက်ရပြီး စစ်သားတွေက ပစ်ခတ်တာဖြစ်တယ်လို့ ဖြစ်စဉ်အနီးဝန်းကျင်မှာနေထိုင်တဲ့ ကလေးမြို့ခံတွေက ပြောပါတယ်။
ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မသိရပေမယ့် ထွက်ပြေးလာတဲ့ အဲ့ဒီကြံ့ခိုင်ရေးပါတီဝင်ကို ဒကစထဲက ထွက်လာတဲ့ အိမ်စီးကားပေါ်က စစ်သားတွေက လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီး အောင်သစ္စာရပ်ကွက်ထဲက ထန်းတပင်ဘုန်းကြီးကျောင်းအနီးမှာ လိုက်မှီသွားပြီး ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“တရပ်ကွက်လုံးလန့်သွားတာ၊ လမ်းပေါ်ကားကို တအားမောင်းပြီး နောက်နေလိုက်တာ၊ ထန်းတပင်ကျောင်းနားရောက်တော့ မိတယ်၊ ကားထဲကနေ ဆယ်ချက်ကျော်လောက် မသေမချင်း အနီးကပ်ပစ်သတ်သွားတာ” လို့ ဖြစ်စဥ်ကို မြင်တွေ့လိုက်တဲ့ မြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့သူဟာ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သလို မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“သူ့ဦးလေးရော၊ အဖေရော၊ သူရော ကြံ့ဖွံ့ပါတီဝင်တွေပဲ။ မူးယစ်ဆေးဝါးရောင်းတာက ပေါ်ပေါ်ထင်ထင်ကြီးကို ရပ်ကွက်ထဲမှာ ဖြစ်နေတာ” လို့ ပစ်ခတ်ခံရသူကို သိတဲ့ မြို့ခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ကလေးမြို့ ဒကစ တပ်နဲ့ အဆက်အသွယ်ရှိသူဖြစ်ပြီး မနေ့က ဒ.က.စ တပ်ထဲကနေ ထွက်လာတဲ့ ကားတစီးက သူ့ကို လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက အခိုင်အမာပြောပါတယ်။
ကလေးမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို စစ်သားနဲ့ ရဲတွေက လိုင်းကြေးကောက်ခံနေပြီး သူတို့ ခွင့်ပြုချက်နဲ့ လွတ်လပ်စွာ ရောင်းဝယ်နေကြတာဖြစ်တာလို့ မူးယစ်ဆေးသုံးစွဲနေသူတဦးက ပြောပါတယ်။
” ခုဟာက ကျွန်တော်တို့ (ကျပ်)တထောင်လောက်ဆိုကို (မူးယစ်ဆေး) ဝယ်လို့ရတယ်ဗျ၊ ဝယ်တဲ့အခါမှာတော့ စစ်တပ်နဲ့ ရဲကို ပေးထားတဲ့သူဆီမှာ ဝယ်တာ ကျွန်တော်တို့အတွက်လုံခြုံတာပေါ့၊ ခုသေတဲ့သူက လက်ကားလုပ်တာ၊ ကျွန်တော်တို့ သုံးစွဲသူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်မရှိဘူး” လို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ကလေးမြို့မှာ မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် သုံးစွဲနေကြပြီး လူနေရပ်ကွက်တွေထဲ မူးယစ်ဆေးထိုးသွင်းသူတွေ ခဏခဏလာတာကြောင့် နေအိမ်လုံခြုံရေးကအစ စိုးရိမ်ရတယ်လို့ ကလေးမြို့အနောက်မြောက်ပိုင်း မြို့စွန်မှာနေထိုင်သူတဦးက ပြောပါတယ်။
ဓာတ်ပုံ – Google