ခင်ဦးမြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်  အလယ်ရှိုကျေးရွာမှာ မနေ့က မတ်လ၅ရက်၊ မွန်းလွဲ ၂နာရီ အချိန်က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကောက်ယူရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ၁၂နှစ်အရွယ်ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။

“ရွာမှာ မနှစ်က တပ်က စစ်ကြောင်းထိုးလို့ လူမနေတာ ဒီဇင်ဘာလကတည်းကပါ။ ဒီကလေးက ရွာရိုးမှာ နွားကျောင်းရင်းဖြစ်တာ။ ကျောင်း နေတာ၊ မနေတာတော့ မသိရဘူး”လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မတ်လ ၅ရက်နေ့ မွန်းလွဲ ၂နာရီလောက်က ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာက ၁၂နှစ်အရွယ် ကလေးတယောက်က နွားကျောင်းရင်း တောထဲကနေ 79 ကျည်ဖူးကိုကောက်ခဲ့ပြီး ရွာအစွန်ကအိမ်မှာ ကျည်ဖူးကို အုတ်ကန်ပေါ်လွတ်ကျတာကနေ ပေါက်ကွဲမှုဖြစ်တာ၊ နေရာမှာ တင်သေသွားတယ် ” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန်က ကျန်ခဲ့တဲ့ကျည်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ရေးသားထားပေမယ့် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

သေဆုံးသူဟာ အဘဦးစိုး ရဲ့သားဖြစ်သူ မောင်ချင်ရင်ထူး ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ယခင်နှစ်ကလည်း ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ၆၀မမ တလုံး ယူဆောင်ခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

ခင်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ထွက်ပြီးအချိန် ကျန်ရှိခဲ့သော ပေါက်ကွဲစေတတ်သော ပစ္စည်းများအား မကောက်ယူ၊ မသိမ်းဆည်းဘဲ သက်ဆိုင်ရာ ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များထံ အသိပေး အကြောင်းကြားစေလိုကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲဲ့ စစ်ကျန်လက်နက်တွေကြောင့်၂၀၂၁ခုနှစ်မှာ ၂၈၈ဦး ထိခိုက်ခဲ့ပြီး ၁၀၂ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၂ခုနှစ်မှာတော့ အဲဒီလို သေဆုံးထိခိုက်သူအရေအတွက် ၃၉၀ဦးအထိ မြင့်တက်ခဲ့ပြီး သုံးပုံတပုံကတော့ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ မိုင်းအသုံးပြုမှု တားဆီးပိတ်ပင်ရေးနဲ့ ပက်သက် ၁၉၉၇ ခုနှစ်စာချုပ်နဲ့ ၂၀၀၈ခုနှစ်၊ ထပ်ဆင့်ပေါက်ကွဲစေတက်သော လက်နက်ပစ္စည်းများဆိုင်ရာ သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးတာ မရှိသေးပါဘူး။

ဓာတ်ပုံ – UNICEF Myanmar