နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး စာရင်းဝင် ရထားတိုက်မှုကြီးအပြီး ဂရိ ဝန်ကြီးချုပ် ကိုယ်တိုင်က ဒေါသထွက်နေတဲ့ ပြည်သူတွေဆီ ဝန်ချ တောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဝန်ကြီးချုပ် ကိုင်ရီရာကော့စ် မစ်ဆိုတာကစ်ဟာ ရထားမတော်တဆမှုကြီး ဖြစ်ပွားရာ နေရာဆီ ကိုယ်တိုင် သွားရောက်ခဲ့သလို ရထား ပို့ဆောင်ရေးဌာန ဝန်ထမ်းတွေနဲ့အတူ ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က လာရစ်ဆာ မြို့နားက တမ်ပီခရိုင်မှာ လူပေါင်း ၃၅၀ လောက်ကို တင်ဆောင်လာတဲ့ ခရီးသည်တင် ရထား တစီးနဲ့ ကုန်တင်ရထား ခေါင်းချင်းဆိုင် တိုက်မိမှုကြောင့် လူ ၅၇ ဦးထက်မနည်း ဖိတ်စဉ်ခဲ့ရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ အမြောက်အမြားလည်း ရှိခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူသားတွေရဲ့ ပေါ့ဆမှုနဲ့ အမှားအယွင်း မကင်းခဲ့ကြောင်း ကနဦး သုံးသပ်ချက်တွေ ထွက်ပေါ်လာတဲ့နောက် ဂရိ ပြည်သူတွေဆီက ဒေါသတကြီး ဝေဖန် ဆန္ဒပြမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ကိုယ်တိုင် လူရှေ့ထွက်ပြီး တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဆိုးကြီးမှာ လူသားတွေရဲ့ အမှားအယွင်းတွေ ရှိခဲ့တယ် ဆိုတာကို အစိုးရ အနေနဲ့ မဖုံးကွယ်နိုင်သလို ဖုံးကွယ်မှာလည်း မဟုတ်ကြောင်း၊ ပြီးတော့ ဖုံးကွယ်ဖို့လည်း မဖြစ်သင့်ကြောင်း မစ်ဆိုတာကစ်က ပြောပါတယ်။ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လို ဆင်ခြေတွေ ပေးနေနေ၊ ရထားနှစ်စီးက သံလမ်းတခုတည်းမှာ မျက်နှာချင်းဆိုင် မောင်းလာတယ်ဆိုတဲ့ ကိစ္စမျိုး ဘာအကြောင်းနဲ့မှ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
မတ်လ ၅ ရက်က အခု ရထားမတော်တဆမှုနဲ့ ပတ်သက်လို့ မကျေမနပ် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အေသင်မြို့တော်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
မစ်ဆိုတာကစ်က အခုဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူ တဦးချင်းစီအတွက် သူဟာ ဝန်ကြီးချုပ် အနေနဲ့ အကြွေးတင်နေပြီဖြစ်ကြောင်း၊ သူ့အနေနဲ့ အလေးအနက် ဝမ်းနည်းမိပါကြောင်းလည်း ပြောကြားသွားပါတယ်။
ရထားတိုက်မှု ဖြစ်ပြီးပြီးချင်း ဂရိ ရဲတပ်ဖွဲ့ဟာ ရထားလမ်းကြောင်းတွေ သတ်မှတ် စီမံခန့်ခွဲတဲ့ ဌာန အကြီးအကဲကို ဖမ်းဆီးထားလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ အရာရှိကလည်း သူ့မှာ ဘာအမှားမှ မရှိကြောင်း ကာကွယ် ပြောဆိုခဲ့ပြီး နည်းပညာပိုင်း ချွတ်ချော်မှု တခုခုသာ ဖြစ်နိုင်တယ်လို့ အကြောင်းပြထားပါတယ်။
ဂရိဟာ ခရီးသည်တင် ရထားပြေးဆွဲမှု ကဏ္ဍမှာ တခြား ဥရောပ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လုံခြုံရေး စံနှုန်း အားနည်းချက်တွေ ထင်ထင်ရှားရှား ရှိနေပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရထား မတော်တဆမှုကြောင့် အသေအပျောက် အချိုးအစားတွေကို နှိုင်းယှဉ်ရင် ဂရိက ထိပ်ဆုံးနေရာကို ရောက်နေတယ်လို့ သိရပါတယ်။
Ref: Politico