သမိုင်းဝင် နိုင်ပွဲမှာ လီဗာပူးရဲ့ ကစားပုံဟာ ပြောစရာ စကားမရှိအောင် ထူးကဲခဲ့တယ်လို့ ကလော့ပ် ချီးကျူး

မတ်၊ ၆

ခါးသီးပြိုင်ဘက်အပေါ် သမိုင်းဝင် နိုင်ပွဲ ရရှိခဲ့ခြင်းနဲ့ ပတ်သက်ပြီး တကယ့်ကို ထူးကဲလွန်းတဲ့ ရလဒ်တခုလို့ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးဟာ အန်းဖီးလ်ကွင်းမှာ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပထမပိုင်း ၁ ဂိုးတည်း အသာနဲ့ ဦးဆောင်ခဲ့ရာက ဒုတိယပိုင်းမှာ ဂိုးဒါဇင်ဝက် ထပ်သွင်းတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် အတွက်ကတော့ အင်္ဂလန်ရဲ့ အစဉ်အလာ အကြီးဆုံး နှစ်သင်း တွေ့ဆုံမှုမှာ သမိုင်းဝင် ရှုံးပွဲကြီးနဲ့ အရှက်တကွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ 

မကြာသေးခင် လပိုင်းတွေအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်မှာ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် လီဗာပူးဟာ အိမ်ကွင်း အန်းဖီးလ်မှာတော့ ခါးသီးပြိုင်ဘက်ကို မညှာမတာ အနိုင်ယူပြသွားခဲ့ပါတယ်။

ဂျာမန်သား ကလော့ပ်က သူ့အသင်း ကစားပုံနဲ့ ပတ်သက်လို့ ပြောစရာ စကားမရှိအောင် ထူးကဲလွန်းခဲ့ကြောင်း ချီးကျူးသွားပါတယ်။ လီဗာပူးဟာ ပွဲကို သူလိုချင်တဲ့ ပုံစံအတိုင်း အစပြုခဲ့ပြီး တက်တက်ကြွကြွ ကစားနိုင်ခဲ့ကြောင်း၊ ယူနိုက်တက်ဟာ အသင်းကောင်းပီပီ ပထမပိုင်းမှာ ကောင်းကောင်း တုံ့ပြန်နိုင်ပေမယ့် လီဗာပူးကပဲ လှပတဲ့ အချိတ်အဆက်နဲ့ ဦးဆောင်ဂိုး သွင်းခဲ့ကြောင်း ကလော့ပ်က ဆိုပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်း ပြန်အစမှာ ကတည်းက လီဗာပူးရဲ့ ပုံစံက သိသိသာသာ ပိုကောင်းသွားပြီး အခြေအနေတိုင်းက အဆင်ပြေလာခဲ့ကြောင်း၊ ဘောလုံးမှာ ဒီလို အနေအထားတွေ တခါတလေ ကြုံတတ်ပြီး ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ စူပါ ဘောလုံးရာသီ တခုကို ဖြတ်သန်းနေတယ်ဆိုတဲ့ အရှိတရားကတော့ ပြောင်းလဲမသွားကြောင်း ကလော့ပ်က ဆက်ပြောပါတယ်။

ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မိုဟာမက် ဆာလားဟာ လီဗာပူးရဲ့ သမိုင်းတလျှောက် အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရော်ဘီဖောင်လာကို ကျော်ပြီး ၁၂၉ ဂိုးနဲ့ စံချိန် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာထိ တက်လှမ်းလာခဲ့ပါတယ်။ လီဗာပူးဟာ လာမယ့် သီတင်းပတ်ကုန်မှာ ဘွန်းမောက်သ်နဲ့ ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။

Ref: Liverpool Echo