ဗိုလ်ချုပ်စျေးကကျောက်စိမ်းဆိုင်ဖောက်ထွင်းခံရမှု စီစီတီဗီမှတ်တမ်းမရရှိလို့တရားခံရှာဖို့ခက်နေ

မတ်၊ ၅

ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး  တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေနဲ့လက်ဝတ်ရတနာပစ္စည်းတွေ အများအပြားပါသွားတဲ့အပြင်ဒီတရားခံဖမ်းဆီးရမိမှုမရှိသေးဘူးလို့သိရပါတယ်။

အဲ့ဒီ့ဖောက်ထွင်းမှုအတွင်း ဆိုင်မှာရှိတဲ့ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးသိန်းရာဂဏန်းအထက်ခိုးယူခံရတယ်လို့လည်းဆိုင်ရှင်ဖြစ်သူရဲ့ပြောကြားချက်အရသိရပါတယ်။

“မနေ့ကမှသိတာခိုးသွားတာနည်းတာမဟုတ်ဘူး။တရားခံလဲခုထိမမိသေးဘူး။ဆိုင်ဖွင့်တော့မသက်ာတာနဲ့ လူကြီးစုံရနဲ့ခေါ်ဖွင့်တော့မှအဖောက်ခံရမှန်းသိတာ။ခိုးတာကတန်ဖိုးကြီးတာတွေချည့်ပဲရွေးခိုးသွားတာ။တရားခံကဘယ်စီနေမှန်းကိုမသိသေးဘူး။ခုထိစီစီတီဗီမှတ်တမ်းကလဲမရဘူး။ကျမကလဲအဲ့အပိုင်းတွေကိုနားမလည်ဘူး။ခုထိဆိုက်ကပိတ်ထားတုန်းပဲရဲကတော့ဆိုင်ကိုဓါတ်ပုံလာရိုက်သွားတယ် “လို့ ဆိုင်ပိုင်ရှင်က DNA ကိုပြောပါတယ်။

ဖောက်ထွင်းခံရတဲ့ဆိုင်အနီးစည်ပင်ဝန်ထမ်းတွေနဲ့လုံခြုံရေးဝန်ထမ်းတွေအပြည့်ရှိနေပေမယ့် ဖောက်ထွင်းသူဟာဆိုင်ကို ခတ်ထားတဲ့သော့ကို အက်ဆစ်နဲ့ဖျက်ပြီးခိုးယူသွားတာလို့ဆိုပါတယ်။

“၁၀:၃၀ နာရီလောက်မှာ ဆိုင်နီးနားချင်းမိတ်ဆွေတွေ ဖုန်းဆက်လာပြောမှသိရပါတယ် ။သိသိချင်းလိုက်သွားကြည့်တော့ သော့ကွင်းကို အက်ဆစ်နဲ့ဖျက်ထားပြီး တံခါးလည်းဟနေပါတယ် ။လူကြီးစုံရာနဲ့တံခါးဖွင့်ကြည့်တဲ့အခါ ဆိုင်းခန်းထဲပစ္စည်းတွေရှုပ်ပွနေပြီး တန်ဖိုးကြီးပစ္စည်းတော်တော်များများလည်း ပါသွားပါတယ် ။ရဲစခန်းမှာတော့အမှုဖွင့်ထားတယ် “လို့လည်းဆိုင်ရှင်ကထပ်ပြောပါတယ်။

ဆိုင်မှာတော့စီစီတီဗီတပ်ထားပေမယ့်ဆိုင်ပိတ်တဲ့အခါမိန်းချသွားတာကြောင့်စီစီတီဗီမှတ်တမ်းမရရှိခဲ့တဲ့အတွက်စစ်ကောင်စီရဲ့ကျောက်တံတားရဲခန်းမှာပဲဖြစ်စဥ်ကိုပြောပြပြီးအမှုဖွင့်တိုင်ကြားထားရတယ်လို့သိရပါတယ်။