တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

မတ်၊ ၄

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။

လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ မြောင်၊ ဆားလင်းကြီး ​စတဲ့ဒေသတွေနဲ့ မကွေးတိုင်းမြိုင် မြို့နယ်တွေမှာသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

ဒီကနေ့မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုနဲ့ တန့်ဆည် ပင်မသပိတ်စစ်ကြောင်းတို့က အကြမ်းဖက်စစ်တပ်အတွက် အထောက်အပံ့ ဖြစ်နေစေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေး ဆန္ဒပြခဲ့ကြသလို၊ ပြည်ကြီးတံခွန် သပိတ်အင်အားစုနဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း စစ်တပ်ဝင်ငွေရနေတဲ့ စွမ်းအင်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုပါတယ်။

အလားတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုု သပိတ်ကော်မတီကလည်း လောင်းလုံးမြို့နယ်မှာ PTT နဲ့  PTTEP တံဆိပ်ပါ ထုတ်ကုန်တွေကို မသုံးစွဲကြဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားမှု လုပ်ခဲ့ပါတယ်။

ဘုရားသုံးဆူမြို့က တော်လှန်လူငယ်တချို့ကလည်း လူစည်ကားတဲ့ ဈေးထဲ ပြောက်ကျားသပိတ် လှုပ်ရှားမှုလုပ် ခဲ့ပါသေးတယ်။

မုံရွာမြို့ပေါ်မှာ မုံရွာတော်လှန်လူငယ်များကွန်ရက်က ပြောက်ကျားသပိတ်လှုပ်ရှားမှု လုပ်ခဲ့သလို ချင်းတွင်းမြစ် သပိတ်စစ်ကြောင်းက စစ်ကောင်စီမီးရှို့သွားတဲ့ ကျေးရွာတရွာမှာ အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲက တချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။