မိုးကုတ်မြို့အနီး ကားလမ်းပိုင်းတွေမှာမလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ ကားမှန်ချသွားလာဖို့ PDF အသိပေး

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ကို ဝင်ထွက်နိုင်တဲ့ အဓိကလမ်းပိုင်းသုံးခုမှာ မလိုအပ်ခရီးမသွားကြဖို့နဲ့ လိုအပ်လို့ သွားလာရပါက ကားမှန်ချမောင်းနှင်ဖို့ စစ်အုပ်စုရဲ့ ကားတွေနဲ့ အနီးကပ်မောင်းနှင်လိုက်ပါတာ မလုပ်ဖို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၄ ရက်ကစပြီး မိုးကုတ်- မန္တလေး၊ မိုးကုတ်- ပြင်ဦးလွင် နဲ့ မိုးကုတ် – မိုးမိတ်သွား ကားလမ်းတွေနဲ့   ပက်သက်ပြီး အသိစာထုတ်ပြန်ထားတာပါ။

မိုးကုတ်ကိုဝင်ထွက်နိုင်တဲ့ အဲဒီအဓိကလမ်းပိုင်းမှာ သုံးခုမှာ လတ်တလော ဒေသကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား စစ်ရေး အရတင်းမာမှုတွေရှိနေတဲ့ အတွက် အချိန်မရွေးတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တာကြောင့် အသိပေးချက်တွေ ထုတ်ပြန်ထားတာလို့ ပကဖတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

မိုးကုတ်မန္တလေးသွားကားလမ်းပိုင်းကိုတော့ လတ်တလောမှာ ကားသမားအများစု အသုံးပြုနေကြသလို စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေကို ငွေကြေးပေးပြီး သွားလာလို့ ရနေတယ်လို့ကားသမားအသိုင်းအဝိုင်းဆီက သိရပါတယ်။

” မတ္တရာတို့ ဖော့တောလမ်းဆုံဂိတ်တွေကတော့ ပိုက်ဆံပေးသွားရတယ်၊ဂွေပင်ဂိတ်တို့ကျတာ့ နာမည်စာရင်းပေးရတာပေါ့။ ပြင်ဦးလွင်ဖက်ကတော့ မသွားကြတော့ဘူးဗျ၊ဘာလို့ဆိုတော့ အဲဘက်က လမ်းလည်းကြမ်းတယ်၊ အစစ်ဆေးလည်းများတယ်၊ပေးသွားလည်း မရဘူး ကားပေါ်ပါတဲ့ အထုပ်တွေ အကုန်ဖောက်ကြည့် တာပါ ” လို့ ကားသမားတဦးကပြောပါတယ်။

မိုးကုတ်မြို့အနီးတဝိုက်မှာ တအာင်းလက်နက်အဖွဲ့ TNLA ကလည်း လှုပ်ရှားမှုတွေရှိသလို လက်ရှိမှာ စစ်ကောင် စီနဲ့ PDF တို့မကြာခဏတိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

” စစ်ရေးအရကြိုပြောလို့မရလို့ပါတိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေ ထိခိုက်မှုမရှိအောင် ကြိုတင်သတိပေးထားတဲ့သဘောပါ” လို့ ဒီကနေ့အသိပေးချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Red Wolves Of Mogok အဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ပိုင်းက မိုးကုတ်-ပြင်ဦးလွင်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့သလို ဖေဖော်ဝါရီနောက်ဆုံးပတ်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း က သည်းရပ်ကွက် ရှိ အုပ်ချူပ်ရေးမှူးရုံး ကို ပကဖတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်အုပ်စုဘက်က လေးဦး သေဆုံးခဲ့ပါတယ်။

” တိုက်ပွဲတွေဖြစ်နေလည်း ကားခဏနားရတာပေါ့၊ ပြီးရင်ပြန်မောင်းသွားရတာပါပဲ၊ ကားလိုင်းတွေကတော့ တရက်ကို တခေါက်ပဲသွားတော့တယ် အချိန်ကျော်ရင်သွားမရလို့ပါ ” လို့ ဒေသခံ တဦးကပြောပါတယ်။


Photo – သပိတ်ကျင်း PDF

ပုံစာ – မိုးကုတ်ဒေသအတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တချို့