ချောင်းဦးနဲ့ ယင်းမာပင်မှာ စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့၊ ကလေးတဦးအပါအဝင် သေဆုံးသူတွေလည်းရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ခင်မွန်ရွာနဲ့ ယင်းမာပင်မြို့နယ်က မြောက်နုံးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၃ရက် မနေ့က မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီတပ်တွေက ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို မနေ့က မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
 
“မနေ့က တိုက်ပွဲမရှိပဲ အသားလွတ်ဝင်လာပြီး မီးရှို့သွားတာ” လို့ ခင်မွန်ရွာခံတဦးက DNA ကိုပြောပါတယ်။
 
ရွာကို ဝင်ရောက်စီးနင်းချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းကြည်တို့ သေဆုံးသွားသလို နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာရထားပြီး စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီကမီးရှို့ ဖျက်ဆီးတာကြောင့် ခင်မွန်ကနေအိမ် ၇၀လောက် မီးလောင်ပျက်စီးသလို ရွာခံ လေးရာဝန်းကျင်လောက်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ခင်မွန်ရွာခံကပြောပါတယ်။
 
မနေ့က ခင်မွန်ရွာကို မီးရှို့တဲ့ စစ်ကြောင်းဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေဖြစ်ပြီး ချောင်းဦး PDF မိုင်းတပ်ခွဲ ၄ က ဆွဲမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှာလည်း အထိနာတယ်လို့ ဆိုပါတယ်။ ခင်မွန်ကျေးရွာဟာ အခုအကြိမ်နဲ့ဆိုရင် မီးရှို့ခံရတာ နှစ်ကြိမ်ရှိပြီလို့လည်း သိရပါတယ်။
 
ခင်မွန်ကျေးရွာဟာ မုံရွာ-ချောင်းဦးလမ်းပေါ်က အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး ချောင်းဦးမြို့နဲ့ လေးမိုင်နီးပါးသာ ဝေးပါတယ်။
 
အလားတူ စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ် မြောက်နုန်းကျေးရွာကိုလည်း မနေ့ကနေ့လယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာကာ ညနေပိုင်းကစလို့ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ဟိုတစ်နေ့က ကုန်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက မြေပြင်ထိုးစစ်ကို မနိုင်တော့ သူတို့ဘက်က အကျများတော့ နောက်တကျော့ပြန်ပြီး ဒီကနေ့ပဲ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ထိုးလာပြီး ယင်းမာပင်မြို့နယ်ထဲက နောက်တရွာကို ရွာလုံးကျွတ် မီးရှို့သွားတယ်” လို့ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းမှာ နေ့စဉ် ရက်ဆက် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရွာစဉ်လှည့်လည် မီးရှို့ပြီး လုယက်သတ်ဖြတ်တာတွေကို လုပ်နေတယ်လို့ ယင်းမာပင်ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းကစလို့ ယင်းမာပင်နယ်ထဲမှာ စစ်ကြောင်းထိုး မီးရှို့မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး ဒီကနေ့အထိ ရွာခြောက်ရွာထက်ထက်မနည်းနဲ့ စစ်ရှောင်တဲတွေ မီးရှို့ခံထားရသလို လေကြောင်းတိုက်ခိုက်မှု တကြိမ်လည်း လုပ်ထားပါတယ်။
 
မနေ့က မြောက်နုံးကျေးရွာကို မီးရှို့ပြီးနောက် ဒီကနေ့မှာ စစ်ကောင်စီတပ်တွေဟာ သပြေအေးရွာထဲ လက်နက်တွေ ပစ်ခတ်ဝင်ရောက်ပြီး ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ယင်းမာပင်ဒေသခံတွေက ပြောပါတယ်။

Photo – Khinmon Revolution/ ယင်းမာပင် သတင်းမှန်ပြန်ကြားရေး