အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ လက္ခဏာတွေ ပြသနေတဲ့ အနာတခုကို ခွဲစိတ်မှု ခံယူခဲ့ရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့လက ပုံမှန် ဆေးစစ်မှု အစီအစဉ်မှာ အဲဒီအနာကို တွေ့ရှိတဲ့အတွက် ဆရာဝန်တွေက ခွဲစိတ်စေခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အနာကို ခွဲစိတ် ဖယ်ရှားလိုက်တဲ့နောက် တခြား နောက်ဆက်တွဲ ကုသမှုတွေ ဘာမှ မလိုအပ်ဘူးလို့လည်း ဆိုပါတယ်။
အသက် ၈၀ အရွယ် ဘိုင်ဒန်ဟာ ဖေဖော်ဝါရီလက ပုံမှန် ကာယကြံ့ခိုင်မှု ဆန်းစစ်တဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ပြီး သမ္မတတာဝန် ဆက်လက် ထမ်းဆောင်ဖို့ ရာနှုန်းပြည့် သန်စွမ်းနေဆဲလို့ အိမ်ဖြူတော်က ကြေညာပါတယ်။
ဘိုင်ဒန်ရဲ့ ပုဂ္ဂိုလ်ရေး ဆရာဝန်ဖြစ်သူ ဒေါက်တာ ကီဗင် အိုကော်နာက ဖေဖော်ဝါရီ ၁၆ ရက်မှာ ဘိုင်ဒန်ရဲ့ ရင်ဘတ်က အနာကို ခွဲစိတ် ဖယ်ရှားလိုက်တာလို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း ခွဲစိတ်ထားတဲ့ အနာက ကောင်းကောင်း ပြန်ကျက်သွားပြီး နောက်ဆက်တွဲ ဘာပြဿနာမှ မရှိဘူးလို့လည်း သူက ဆိုပါတယ်။
အနာရဲ့ အသားစ နမူနာကို စစ်ဆေးကြည့်တဲ့အခါ basal cell carcinomaဆိုတဲ့ ကင်ဆာမျိုးနွယ်ဝင် ဆဲလ်တွေကို တွေ့ရှိခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီ ဆဲလ်တွေဟာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လေ့ရှိတဲ့ ကင်ဆာဆဲလ်တွေတော့ မဟုတ်ကြောင်း အိုကော်နာက ရှင်းပြထားပါတယ်။
အဲဒီကင်ဆာမျိုးကို နှစ်စဉ် အမေရိကန် နိုင်ငံသား ၃.၆ သန်းလောက်မှာ ရှာတွေ့လေ့ရှိပြီး နိုင်ငံရဲ့ အဖြစ်အများဆုံး ကင်ဆာလို့တောင် သတ်မှတ်နိုင်တယ်လို့ အမေရိကန် အရေပြားကင်ဆာ ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ စောစောစီးစီး ထောက်လှမ်း တွေ့ရှိပြီး ကုသလိုက်မယ်ဆိုရင် အထိအခိုက် အရမ်းနည်းတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ဇန်နဝါရီလတုန်းကလည်း ဘိုင်ဒန်ရဲ့ ဇနီးဖြစ်သူ သမ္မတကတော် ဂျီလ်ဘိုင်ဒန်ဟာ ခန္ဓာကိုယ်ပေါ် တွေ့ရှိတဲ့ အနာ ၃ ခုထဲက ၂ ခုမှာ ကင်ဆာ ဖြစ်ပွားနိုင်ခြေ တွေ့ရှိတာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
Ref: BBC