အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွမ်ပနီဟာ တချိန်ချိန်မှာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံပြီး မန်ချက်စတာ စီးတီး မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ပက်ပ် ဂွာဒီယိုလာက ပြောပါတယ်။
အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး စီးတီးရဲ့ အောင်မြင်တဲ့ နှစ်တွေမှာ အဓိက နေရာက ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ ဘယ်လ်ဂျီယမ်သား ကွမ်ပနီဟာ အခုအခါမှာ ကစားသမား ဘဝကနေ အနားယူပြီး ဘောလုံး မန်နေဂျာ လောကထဲ ကူးပြောင်း ဝင်ရောက်လာပါပြီ။ စီးတီးဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်မှာ ကွမ်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။
တပည့်ဖြစ်သူကို ပြိုင်ဘက်အသွင် ပြန်တွေ့ရမယ့် ပွဲမတိုင်ခင်မှာ ဂွာဒီယိုလာက ကွမ်ပနီရဲ့ မန်နေဂျာ အရည်အသွေးတွေကို ချီးကျူးခဲ့ပြီး သူဟာ စီးတီး မန်နေဂျာ ဖြစ်ကိုဖြစ်ဖို့ ကံပါလာသူ တဦးလို့ ညွှန်းဆိုသွားပါတယ်။ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ကလပ်အသင်း ဘန်လေဟာ ကွမ်ပနီ လက်ထက်မှာ ကစားဟန် သိသိသာသာ ပြောင်းလဲသွားပြီး အခုဆိုရင် အမှတ်ပေးဇယားကို ၁၂ မှတ်ဖြတ် ဦးဆောင်နေပါတယ်။
ဂွာဒီယိုလာက ကွမ်ပနီဟာ အနှေးနဲ့အမြန် စီးတီး မန်နေဂျာ ဖြစ်လာမယ့်သူလို့ ယုံကြည်ကြောင်း၊ ဒီကိစ္စက သေချာပေါက် အထမြောက်လာမှာလို့ အတပ်ပြောနိုင်ကြောင်း၊ ဘယ်အချိန်လဲဆိုတာ မသိပေမယ့် သေချာပေါက် ဖြစ်လာမယ့် ကိစ္စလို့ ခံစားမိကြောင်း ပြောပါတယ်။
ကွမ်ပနီ ဦးဆောင်နေတဲ့ ဘန်လေဟာ ချန်ပီယံရှစ် အမှတ်ပေးပွဲစဉ် ၃၄ ပွဲမှာ ၂ ပွဲသာရှုံးထားပြီး စုစုပေါင်း ၆၈ ဂိုးထိ သွင်းနိုင်ခဲ့သလို နှစ်ပေါင်း ၂၀ အတွင်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်လှမ်းလာခဲ့ပါတယ်။
ဂွာဒီယိုလာက ကွမ်ပနီ လက်ထဲမှာ ဘန်လေ ပြသနေတဲ့ ခြေစွမ်း တည်ငြိမ်မှုက မယုံနိုင်လိုက်အောင် ကောင်းမွန်နေကြောင်း၊ ချန်ပီယံရှစ်ဟာ ကစားရတဲ့ ပွဲစဉ်အရေအတွက် အရမ်းများပြီး ခက်ခဲပေမယ့် ဒီလို ရပ်တည်နိုင်တဲ့အတွက် သူ့အနေနဲ့ အထင်ကြီးမိကြောင်း၊ ကွမ်ပနီနဲ့အတူ ဘန်လေဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ နီးစပ်နေပြီး ဒီပြိုင်ပွဲမှာ ကွမ်ပနီကို ပြန်မြင်ရရင် စီးတီးပရိသတ်တွေ အားလုံးလည်း ဝမ်းသာကြမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မတ် ၁၈ နဲ့ ၁၉ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Ref: BBC