လီဗာပူးကနေ ထွက်ခွာတော့မယ့် ဝါရင့် တိုက်စစ်မှူး ဖာမီနို

လီဗာပူး အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုဟာ အခုဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ 

အသက် ၃၁ နှစ်အရွယ် ဘရာဇီး ကစားသမားဟာ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ်ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း အသင်းမန်နေဂျာ ယာဂင်ကလော့ပ်ကို အသိပေးထားပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်၊ ဇွန်လတုန်းက ဂျာမန်ကလပ် ဟော်ဖန်ဟိုင်းကနေ စတာလင်ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်ကျော် ကာလအတွင်း အသင်းပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာပါတယ်။

သူဟာ မိုဟာမက်ဆာလား၊ ဆာဒီယို မာနေးတို့နဲ့အတူ တိုက်စစ်မှာ ဟန်ချက်ညီညီ တွဲဖက်ရင်း လီဗာပူးလ်ကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အန်းဖီးလ်ကွင်းမှာ သူဖြတ်သန်းခဲ့တဲ့ ကာလတွေဟာ ရွှေရောင်သန်းခဲ့သလို အသင်းအတွက် ၃၅၃ ပွဲ ကစားရာမှာ ၁၀၇ ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် အကြိမ်ပေါင်း ၇၀ ပံ့ပိုးခဲ့ပါတယ်။ ဒါကြောင့်လည်း ဖာမီနိုဟာ ကလော့ပ် အားအကိုးဆုံး လက်ရုံးတဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုနှစ် ဘောလုံးရာသီမှာတော့ လီဗာပူးဟာ တိုက်စစ်မှာ ကစားသမားသစ်တွေ ဖြစ်တဲ့ ဒါဝင်နူးနက်ဇ်၊ ကိုဒီ ဂက်ခ်ပိုတို့ကို ခေါ်ယူခဲ့တဲ့အပြင် ဒီယေဂို ဂျိုတာ၊ လူးဝစ် ဒီယက်ဇ်တို့လို ရှိရင်းစွဲတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဖာမီနိုအတွက် နေရာရဖို့ ခက်ခဲလာပါတယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း ကြွက်သားဒဏ်ရာကြောင့် ပွဲကစားချိန် တော်တော်များများကို လက်လွတ်ခဲ့ရပါတယ်။

ကလော့ပ်အနေနဲ့ ဖာမီနိုကို ဆက်ပြီး ထိန်းသိမ်းထားလိုပေမယ့် စာချုပ်သစ် ထပ်မချုပ်ချင်တော့တဲ့ ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစား သဘောတူပေးခဲ့ကြောင်း အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖာမီနိုဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ၂၆ ပွဲကစားပြီး ၉ ဂိုးသွင်းယူပေးထားသလို အသင်းဖော်တွေအတွက် ထောက်ပံ့ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Ref: Guardian