စစ်ရာဇဝတ်မှုတွေကို အားဖြည့်ပေးဖို့ ဆက်လက် စီးဝင်နေဆဲ လေယာဉ်ဆီများ

မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေပေမယ့် မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်းမှုတွေကတော့ ဆက်ပြီး စီးဝင်နေဆဲလို့ Amnesty Internationalနဲ့ Global Witness အဖွဲ့တွေက မတ်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့ကြပါတယ်။ ပြီးတော့ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းနဲ့ ပတ်သက်လို့ ဆက်စပ်နေတဲ့ နောက်ထပ် ကုမ္ပဏီတွေကိုပါ အဲဒီ အဖွဲ့အစည်း နှစ်ခုက ဖော်ထုတ် အတည်ပြုလာနိုင်ခဲ့ပါတယ်။ 

“ကျွန်မတို့က မြန်မာ စစ်တပ် လက်ထဲမှာ လမ်းဆုံးရောက်သွားတဲ့ လေယာဉ်ဆီ တင်ပို့မှု အသစ်တွေကို ခြေရာခံ စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ဆီတွေကို သုံးပြီး မြန်မာစစ်တပ်ဟာ ကလေးတွေ အပါအဝင် အရပ်သားတွေ အများအပြား သေကြေ ပျက်စီးစေမယ့် လေကြောင်း တိုက်ခိုက်မှုတွေကို မှန်မှန်ကြီး လုပ်ဆောင်နေတယ်လေ။ လေယာဉ်တွေ ဆိုတာက ဆီမရှိရင် ပျံမတက်နိုင်ဘူး မဟုတ်လား”လို့ Amnesty Internationalရဲ့ သုတေသီ တဦးဖြစ်ပြီး လူ့အခွင့်အရေးနဲ့ စီးပွားရေး လုပ်ငန်းတွေဆိုင်ရာ ဆက်စပ်မှုနဲ့ ပတ်သက်လို့ အကြံပေး ပညာရှင် အနေနဲ့ပါ တာဝန်ယူထားသူ မွန်ဆီ ဖာရာက ပြောပါတယ်။

“၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး ကတည်းက စစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တယ်။ ပြီးတော့ အရပ်သားတွေကိုလည်း ဝေဟင်ကရော၊ မြေပြင်ကပါ သည်းသည်းမည်းမည်း တိုက်ခိုက်ခဲ့တယ်။ လေယာဉ်ဆီ တင်ပို့ ထောက်ပံ့မှုတွေက မြန်မာစစ်တပ်ဆီ ဆက်ပြီး ရောက်နေသ၍ သူတို့က ဒီလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေဦးမှာပဲ။ ဒါကြောင့် အဲဒီ လေယာဉ်ဆီ တင်ပို့မှုတွေကို ချက်ချင်း ရပ်တန့်နိုင်ဖို့ လိုတယ်”လို့လည်း သူက ဆိုတယ်။

Global Witnessရဲ့ အကြီးတန်း စုံစမ်းစစ်ဆေးရေး အရာရှိ တဦးဖြစ်ပြီး အခု သုတေသန ကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင် ကူညီခဲ့သူ ဟန်နာ ဟင်းစထရွမ်းကလည်း “အဲဒီ ကုန်သွယ်မှုမှာ ဆက်စပ် ပါဝင်နေသူ အားလုံးကို ကျွန်မတို့ တောင်းဆိုလိုတာကတော့ အကျိုးအမြတ်ထက် လူသားတွေရဲ့ ဘဝတွေကို ပိုပြီး အလေးထားပေးဖို့ပါပဲ။ ဒီလို ကြမ်းကြုတ် ရက်စက်မှုတွေကို အားပေး ထောက်ကူနေတဲ့ လောင်စာဆီ ပံ့ပိုးပေးနေတာတွေကို ရပ်တန်းက ရပ်ကြပါ။ လေယာဉ်ဆီ ထောက်ပံ့ ပေးပို့မှုတွေကို ထိထိရောက်ရောက် တားဆီး ကာကွယ်နိုင်မယ့် အစီအမံတွေ သတ်မှတ်ပေးဖို့ နောက်ထပ် နိုင်ငံတွေကိုပါ ကျွန်မတို့ တောင်းဆိုလိုပါတယ်”လို့ ပြောကြားသွားပါတယ်။

ဖာရာကလည်း “ဒုက္ခရောက်တာ တခုက ဆွစ်ဇာလန် အခြေစိုက် နိုင်ငံတကာ လောင်စာ လုပ်ငန်းစုကြီးဖြစ်တဲ့ Puma Energyဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းက မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းတွေ ရုပ်သိမ်းဖို့ ကတိပြုခဲ့တဲ့တိုင်အောင် သူတို့ရဲ့ လေယာဉ်ဆီတွေကိုတော့ စစ်တပ်အတွက် လောင်စာဆီ တင်သွင်းပေးနေတဲ့ မြန်မာ စီးပွားရေး အုပ်စု တခုဆီကို လက်လွှဲ ရောင်းချပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်”လို့လည်း ထောက်ပြသွားပါတယ်။

Deadly Cargo (သို့မဟုတ်) မြန်မာစစ်တပ်ကို လောင်စာဖြည့်ပေးနေသော ကုမ္ပဏီများ 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ Amnesty Internationalဟာ Deadly Cargoလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာဟာ မြန်မာ စစ်တပ်အတွက် အထောက်အပံ့ ဖြစ်စေမယ့် လေယာဉ်ဆီတွေ မြန်မာနိုင်ငံကို တင်သွင်းမှုနဲ့ ချိတ်ဆက်နေတဲ့ နိုင်ငံအလိုက်၊ ဒေသအလိုက်ကနေ ကမ္ဘာလုံးဆိုင်ရာ အဆင့်ထိ ကုမ္ပဏီတွေအကြောင်း စာရင်းပြုစု ဖော်ပြထားတာ ဖြစ်ပါတယ်။

အခုတော့ Amnesty International, Global Witnessနဲ့ Burma Campaign UKတို့ဟာ မြန်မာနိုင်ငံဆီ လေယာဉ်ဆီ လွှဲပြောင်းပေးမှုမှာ ပါဝင်နေတဲ့ နောက်ထပ် ကုမ္ပဏီတွေကိုပါ ဖော်ထုတ် တွေ့ရှိလာပါတယ်။ အဲဒီ လောင်စာဆီတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာစစ်တပ် လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားဟန် ရှိပါတယ်။

တင်ပို့မှုတွေထဲက တခုမှာဆိုရင် ရေနံတင် သင်္ဘောကြီး Prime Vဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တုန်းက အိန္ဒိယနိုင်ငံ၊ ဆစ်ခါမြို့ကနေ စတင် ထွက်ခွာလာခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်၊ ဒါမှမဟုတ် အဲဒီ ဝန်းကျင်လောက်မှာ Jet A-1 အဆင့် လေယာဉ်ဆီတွေကို သီလဝါ ဆိပ်ကမ်းမှာ ရှိပြီး အရင်က Puma Enegry Aviation Sun (PEAS)ကုမ္ပဏီ လီမိတက် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်းမှာ ချန်ထားခဲ့ပါတယ်။

လေယာဉ်ဆီ လွှဲပြောင်းမှုတွေမှာ ဆက်စပ်တဲ့ နောက်ထပ် ကုမ္ပဏီ တခုကတော့ အိန္ဒိယရဲ့ Reliance Industries လီမိတက် ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီပိုင် သင်္ဘောဆိပ်ကနေ Prime Vက စတင် ထွက်ခွာခဲ့တာပါ။ နောက်ပြီး ဂရိ ကုမ္ပဏီ တခုဖြစ်တဲ့ Sea Trade Marineဟာ Prime V သင်္ဘောရဲ့ ပိုင်ရှင်ဖြစ်ပြီး ဂျပန်ရဲ့ P&I Clubကတော့ အာမခံဆိုင်ရာ အကာအကွယ်တွေ ထောက်ပံ့ပေးထားပါတယ်။ Amnesty Internationalက အဲဒီ ကုမ္ပဏီတွေ အားလုံးကို လိုက်လံ ဆက်သွယ်ခဲ့တဲ့ အခါမှာ ဂျပန်ရဲ့ P&I Club တခုတည်းက တုံ့ပြန်ပါတယ်။ ဂျပန် ကုမ္ပဏီက အဲဒီအချိန်တုန်းက အရေးယူ ပိတ်ဆို့မှု စံနှုန်းတွေနဲ့ ပတ်သက်လို့ လိုက်နာခဲ့ပြီး တကယ်လို့ သူတို့ အာမခံပေးထားတဲ့ ရေယာဉ် တစီးစီးကသာ တရားမဝင် လှုပ်ရှားမှုတွေမှာ ဆက်နွှယ်ခဲ့မယ် ဆိုရင်တော့ အာမခံ သတ်မှတ်ချက်ကို ပယ်ဖျက်တာမျိုး ရှိကောင်း ရှိမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ပို့ဆောင်မှုနဲ့ ပတ်သက်ပြီး Prime Vက စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သဘောမျိုးတော့ မတွေ့ရပါဘူး။

နောက်ပြီး အောက်တိုဘာလတုန်းက ဆီတင်ပို့မှု တခုနဲ့ ပတ်သက်လို့ အသေးစိတ် အကြောင်းအရာတွေကိုလည်း လတ်တလောမှာ ရရှိလာပြန်ပါတယ်။ အဲဒီ အချက်အလက်တွေအရ Big Sea 104 လောင်စာတင် သင်္ဘောဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၈ ရက် ဝန်းကျင်လောက်တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆိပ်ကမ်းမှာရှိတဲ့ ဘန်ချက်ခ် ရေနံချက် စက်ရုံကနေ စတင် ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီ သင်္ဘောဟာ နောက်တပတ်လောက် အကြာမှာ သီလဝါကို ရောက်သွားပြီး PEASရဲ့ ဆိပ်ခံနေရာဟောင်းမှာပဲ Jet A-1အဆင့် လောင်စာဆီ ၁၂၅၉၂ တန်ကို ချသွားခဲ့တယ်လို့ ပို့ကုန် သတင်းအချက်အလက်ဆိုင်ရာ ကုမ္ပဏီ တခုဖြစ်တဲ့ Kplerရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သင်္ဘော စတင် ထွက်ခွာသွားခဲ့တဲ့ ရေနံချက် စက်ရုံကိုတော့ ထိုင်းကုမ္ပဏီ တခုဖြစ်တဲ့ ဘန်ချက်ခ် ကော်ပိုရေးရှင်းက လူသိရှင်ကြား ပိုင်ဆိုင်ထားပါတယ်။ တခြား ထိုင်းကုမ္ပဏီ တခုဖြစ်တဲ့ Prima Marine Plcကတော့ Big Sea 104ကို ပိုင်ဆိုင်ပြီး လူဇင်ဘတ် နိုင်ငံ အခြေစိုက် Shipowners’ P&I Clubက အာမခံ ကိစ္စကို တာဝန်ယူထားပါတယ်။ Amnesty Internationalက စာပို့ပြီး စုံစမ်းတာကို ဘယ်ကုမ္ပဏီကမှ မတုံ့ပြန်ခဲ့ပါဘူး။

“အဲဒီ ကုမ္ပဏီ တခုချင်းစီဟာ မြန်မာ စစ်တပ် အနေနဲ့ လေယာဉ်ဆီတွေ ဆက်လက် ရရှိနေပြီး တရားလက်မဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေနိုင်အောင် အခန်းကဏ္ဍ တခုစီကနေ ပါဝင် ပတ်သက်နေတယ်။ ဒါတွေကို ရပ်တန့်ဖို့ လိုတယ်။ မြန်မာကို လေယာဉ်ဆီ တင်ပို့ရောင်းချမှုမှာ ပါဝင်နေတဲ့ ကုမ္ပဏီ အားလုံးက အဲဒီ ဆက်နွှယ်မှုတွေကို ရပ်တန့်သင့်နေပြီ”လို့ ဖာရာက ပြောပါတယ်။

Puma Energyပိုင် လေယာဉ်ဆီ လက်လွှဲ ရောင်းချမှုနှင့် လူ့အခွင့်အရေး ရှုထောင့်မှ စိုးရိမ်စရာများ

အဲဒီ သင်္ဘောနှစ်စီးက ဆီလာပို့တဲ့ အချိန်မှာ ကုန်တင်ကုန်ချ ဆိပ်ကမ်းဟာ ဆွစ်ဇာလန်နဲ့ စင်ကာပူ အခြေစိုက် Puma Energyရဲ့ မြန်မာအခြေစိုက် လုပ်ငန်းခွဲက ထိန်းချုပ် လုပ်ကိုင်နေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကျတော့ Puma Energyက သူတို့ဟာ မြန်မာနိုင်ငံက ပိုင်ဆိုင်မှုတွေကို ဒေသခံ ပုဂ္ဂလိက ကုမ္ပဏီ တခုဆီကို လက်လွှဲ ရောင်းချပြီး လုပ်ငန်းတွေ ရုပ်သိမ်း ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီတုန်းက Puma Energyဟာ လူ့အခွင့်အရေး ဥပဒေတွေကို အလေးထား လိုက်နာပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အသုံးပြုစေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

နောက်တော့ Amnesty Internationalက Puma Energyရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူခဲ့တာဟာ Shoon Energy ကုမ္ပဏီ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီကုမ္ပဏီကို အရင်တုန်းက Asia Sun Aviationလို့ ခေါ်ပါတယ်။ ဒီဇင်ဘာမှာတော့ အရောင်းအဝယ် ကိစ္စတွေ ပြီးပြတ်ခဲ့တယ်။

Shoon Energyဟာ Asia Sunလို့ခေါ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းစုကြီး တခုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစုကြီးက မြန်မာစစ်တပ်ကိုယ်စား လေယာဉ်ဆီတွေ တင်သွင်းပြီး လေတပ်စခန်းတွေဆီ ဖြန့်ဝေပေးပါတယ်။ Puma Energy ကုမ္ပဏီ ထွက်ခွာသွားတဲ့နောက် သီလဝါက အဓိက လေယာဉ်ဆီ အတင်အချ ဆိပ်ကမ်းကို အဲဒီ လုပ်ငန်းစုကြီးက ထိန်းချုပ် ကိုင်တွယ်နေပါတယ်။ ပြီးတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE)နဲ့လည်း လေယာဉ်ဆီ တင်သွင်းမှုနဲ့ နိုင်ငံအနှံ့ ပို့ဆောင်မှုတွေအတွက် လုပ်ငန်း ချိတ်ဆက်ထားပါသေးတယ်။

 ပြီးခဲ့တဲ့ လတုန်းကတော့ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ Asia Sunရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ တချို့ကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပါတယ်။ အဲဒီလို အရေးယူ ပိတ်ဆို့မှု မတိုင်ခင်မှာ Asia Sunဟာ သူတို့ရဲ့ ကုမ္ပဏီ အများစုကို Shoon Energyဆိုတဲ့ နာမည်အောက်ထဲ ပြောင်းလဲ ထည့်သွင်းခဲ့တယ်။

ဖာရာက “Puma Energyက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူသွားတဲ့ မြန်မာ ကုမ္ပဏီက လူ့အခွင့်အရေး ဥပဒေတွေကို လိုက်နာပါတယ်လို့ ခပ်တည်တည် ကြေညာခဲ့တယ်။ တကယ်တမ်းကျတော့ Shoon Energyနဲ့ မြန်မာ စစ်တပ်ကြားမှာ သိပ်ကို နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိနေတယ်။ ဒါကြောင့် Puma Energyရဲ့ အာမခံချက်က အပြောသက်သက်ကြီး ဖြစ်နေမှာကို ကျွန်မတို့ အရမ်း စိုးရိမ်တယ်”လို့ ပြောကြားသွားပါတယ်။

ထိထိရောက်ရောက် တုံ့ပြန်သင့်ပြီဖြစ်တဲ့ နိုင်ငံတကာ အသိုက်အဝန်း

မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် အားပေးရာ ရောက်နေမှန်း သိလျက်နဲ့ ကုမ္ပဏီတွေက မြန်မာနိုင်ငံကို လေယာဉ်ဆီတွေ ဆက်လက် တင်ပို့နေတာကြောင့် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေ ရှိသင့်နေပါပြီ။

Amnesty Internationalနဲ့ Global Witnessတို့ဟာ မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ တင်ပို့မှုတွေနဲ့ သယ်ယူပို့ဆောင်မှုတွေကို ဆိုင်းငံ့နိုင်စေဖို့ ရှေ့ဆက် လုပ်ဆောင်သင့်တဲ့ လမ်းကြောင်းတခုကို ချပြထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လေယာဉ်ဆီတွေ ပို့ဆောင်မှုနဲ့ ပတ်သက်ရင် အာမခံ၊ သယ်ယူမှုနဲ့ ငွေကြေး စီမံခန့်ခွဲမှုလို ကြားခံ ဝန်ဆောင်မှုတွေကို ရပ်တန့်စေတာကလည်း အရေးကြီးတာပါပဲ။

ဟင်းစထရွမ်းက “ကန့်သတ် ပိတ်ဆို့မှုတွေကို စီမံ နေရာချဖို့အတွက် လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ အကုန်လုံး နိုင်ငံတကာ အသိုက်အဝန်း လက်ထဲမှာ ရှိပါတယ်။ ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်နိုင် ကိုင်နိုင်စွမ်း မှန်သမျှကို လျှော့ချဖို့ ကျွန်မတို့ အနေနဲ့ စွမ်းနိုင်သမျှ အားထုတ်သင့်တယ်လေ”လို့ ဆိုတယ်။

 နောက်ခံ မြင်ကွင်း

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)ရဲ့ အဆိုအရ ၂၀၂၁ အတွင်းမှာ မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၁၀၄ ကြိမ် ပြုလုပ်ပြီး ၂၀၂၂ မှာ ၂၄၃ ကြိမ်ထိ တိုးလာတယ်လို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာတော့ ကနေဒါနဲ့ ဗြိတိန် အစိုးရတွေက မြန်မာ စစ်တပ်ဆီ လေယာဉ်ဆီ ရောက်ရှိမှုကို တားဆီးနိုင်မယ့် အစီအမံတွေကို ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေလည်း ပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ မှာတော့ ဥရောပ သမဂ္ဂဟာ Asia Sun Groupနဲ့ ဆက်စပ် လုပ်ငန်းတွေဖြစ်တဲ့ Asia Sun Trading, Asia Sun Energyတို့ကို အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။

Amnesty Internationalရဲ့ Deadly Cargo အစီရင်ခံစာကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာ ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းစုကြီး Wilhelmsenက မြန်မာနိုင်ငံကို လေယာဉ်ဆီ ပို့ဆောင်ပေးတဲ့ ဘယ်ရေယာဉ်ကိုမဆို ဝန်ဆောင်မှု ပေးတာတွေ ရပ်တန့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 Korean Pan Oceanကလည်း သူတို့ရဲ့ ရေယာဉ်တွေကို မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ တင်ပို့တဲ့ ခရီးစဉ်တွေမှာ ပြေးဆွဲခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။ Thai Oilကလည်း မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့တဲ့ ကိစ္စမှန်သမျှကို ဆိုင်းငံ့ထားမယ်လို့  ကြေညာခဲ့ပါတယ်။

ပုံစာ – ဖေဖော်ဝါရီ ၁၀ ရက်တွင် တံတားဦး လေတပ်စခန်းကို တွေ့မြင်ရသည့် ဂြိုဟ်တုဓာတ်ပုံ။

Photo – Maxar Technologies