ရှမ်းတပ်နှစ်တပ် ကွန်ဟိန်းမှာတိုက်ပွဲ ဖြစ်

မတ်၊ ၃

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ၊ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်းကျေးရွာအုပ်စု၊ နမ့်တွတ်ကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတာ် (SSPP/SSA)တို့ မတ်လ ၂ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ယနေ့မှာတော့ စစ်ရေးတင်းမာနေပေမဲ့ တိုက်ပွဲ ဖြစ်ပွားခြင်းတော့ မရှိပါဘူးလို့ သိရ ပါတယ်။

“ကျနော်တို့က ကားလမ်းရဲ့ အနောက်ဘက်ခြမ်း နယ်ခြားမှာ အခြေချတယ်။ ခိုလန်နဲ့ မိုင်နောင်လမ်း အရှေ့ဘက်ခြမ်းမှာ အခြေချတယ်။ သူတို့က ကားလမ်းကြားကို တပ်ရင်း ၂ရင်းလောက် တက်လာတယ် ကြားတယ်ဗျ။ အဲဒါနဲ့ သူတို့က လာပြီး‌တော့ ချောင်းပစ်တာပေါ့။ ၂ ခါလာချောင်းပစ်လို့ တိုက်ပွဲတွေ ဖြစ်တာပါ။ ထပ်မဖြစ်အောင်တော့ နှစ်ဖက် ထိန်းရမှာပေါ့နော်။ သူ့ဘက်ကိုယ့်ဘက် လွန်ကျူးမှု မဖြစ်အောင် အချင်းချင်း ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်” ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတာ် (SSPP/SSA)မှ ပြောခွင့်ရ ဗိုလ်ကြီး သီဟရာဇာက ပြောပါတယ်။

RCSS/SSA ကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က အင်အား ၁၀၀ ခန့်ဟာ ကွန်ဟိန်းမြို့နယ်၊ နမ့်တွတ်ဖက်မှာ ရှိတဲ့ RCSS တပ်စခန်းကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားရတယ်လို့ ထုတ်ပြန်ပါတယ်။

ယမန်နေ့က တိုက်ပွဲဟာ နံနက် ၁၁ နာရီမှ မွန်းလွဲ၂ နာရီအထိ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်အကျအဆုံးအထိအခိုက်မသိရပေမယ့် နမ့်တွတ်ကျေးရွာကသက်ကြီးရွယ်အိုနဲ့ကလေးသူငယ်တွေနီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့လယ်တဲတွေထဲစစ်ရှောင်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းတရပ်ကဖော်ပြထားပါတယ်။

ဒီကနေ့မှတော့ အိမ်ပြန်လာတဲ့စစ်ရှောင်တွေရှိပေမယ့်လအိမ်ကို မပြန်ရဲကြသေးသူတွေလည်းရှိတယ်လို့သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ရှမ်းတပ် (၂)တပ်ဟာ တနှစ်နီးပါးကြာ ထိတွေ့တိုက်ပွဲတွေ မဖြစ်ပွားပဲ နေရာမှာ ယမန်နေ့က ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၂၂ ခုနှစ် ၊ဇူလိုင်လအတွင်းက ရပ်စောက်မြို့နယ်ထဲမှာ နောက်ဆုံးအကြိမ်အဖြစ် နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။