နေ့အချိန်မီးပျက်ချိန်တိုးလို့ အသေးစားလုပ်ငန်းတွေအခက်တွေ့

မတ်၊ ၃

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာ မီးဖြတ် တောက်ချိန်တိုးလိုက်တဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့အခက်တွေ့နေရတယ်လို့ အသေးစားလုပ်ငန်းလုပ်ကိုင်နေ သူတွေကပြောကြပါတယ်။

“ကျန်ခဲ့တဲ့လအထိက မီးကတစ်နေ့တကြိမ်လောက်ဆိုတော့ ကျွန်တော့်အနေနဲ့အဆင်မပြေပေမယ့်လည်း ဒီ လို ပဲလှည့်လုပ်ရတာပေါ့၊အခုကျတော့ တရက်တည်း နှစ်ကြိမ်ပျက်တာဆိုတော့ အခုရက်ပိုင်းပဲရှိသေးတယ် အထိ နာနေပြီ။မီ၊စက်နဲ့ကျတော့လည်း အဲ့လောက်အထိ မလုပ်နိုင်သေးဘူး”လို့ မုန့်မျိုးစုံထုတ်လုပ်ရောင်းချနေတဲ့ လုပ် ငန်းရှင်တဦးက DNAကိုပြောပါတယ်။ 

လက်ရှိ တစ်ရက်မီးပျက်ချိန်နှစ်ကြိမ်ဟာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရမယ့်အချိန်ဖြစ်ပြီး မီးလာချိန် က တော့ ဝန်ထမ်းတွေအလုပ်ဆင်းကြချိန်ဖြစ်တာကြောင့် လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်ပါ အခက်အခဲဖြစ်နေ ရတာလို့ ကိတ်နဲ့ပေါင်မုန့်မျိုးစုံထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦးကလည်း ဆိုပါတယ်။

“ကျွန်တော်တို့ ကိတ်တို့၊ပေါင်မုန့်တို့ဆိုတာ မုန်နယ်အချိန်ကအရေးကြီးဆုံးပဲ၊တရက်တရက်ထုတ်ရတဲ့ကုန်က လည်းများတော့အာဘန်(ဂျုံမွှေစက်)နဲ့လုပ်မှအဆင်ပြေတာ၊အခုက မီးပျက်တော့မလုပ်ရဘူး၊ မီးလာချိန်ကျ တော့ အလုပ်ဆင်းချိန်ဆိုတော့ တကယ်စိတ်ပျက်မိတာအမှန်ပဲ”လို့ သူကပြောပါတယ်။

အခုလအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲရှိတာကြောင့် ညပိုင်းမှာ ဓာတ်အားပိုဖြန့်ပေးနိုင်ဖို့ စီမံဆောင်ရွက်နေပြီး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမမျှတပါက ဓာတ််အားပြတ်တောက်မှုဖြစ်လာနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားပါတယ်။

အဲ့ဒါကြောင့် အများပြည်သူလျှပ်စစ်မီးသုံးစွဲတဲ့အတိုင်း သုံးစွဲနေတဲ့ ရပ်ကွက်/ကျေးရွာတွေထဲက စီးပွားရေးနဲ့ စက်မှု လက်မှုလုပ်ငန်းတွေအနေနဲ့ ညနေငါးရီကနေ ဆယ်နာရီအထိ လျှပ်စစ်ဓတ်အားနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းမပြုဖို့ အသိပေးထားပါတယ်။

ကန့်သတ်ချိန်အတွင်း လျှပ်စစ်ဌာနကဖြန့်ဝေတဲ့ ဓာတ်အားနဲ့ လုပ်ငန်းဆောင်ရွက်တယ်လို့ စစ်ဆေးတွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်းအရ (ဒဏ်ရိုက်ခြင်း)အရေးယူဆောင်ရွက်မယ်လို့လည်း ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တွေမှာအခုလအတွင်း ကျင့်သုံးမယ့် အလှည့်ကျ မီးပေးစနစ်ပုံစံအရ မနက်ပိုင်း၊နေ့လယ်နဲ့ ညနေပိုင်းတွေမှာ ပုံမှန်တရက်လေးနာရီအပြင် နှစ်ရက်တကြိမ်သုံးနာရီထပ်တိုးပျက်မှာဖြစ်တယ်လို့ဆိုပါတယ်။ည နေငါးနာရီကနေ မနက်ငါးနာရီအထိကိုတော့ နေ့စဉ်လျှပ်စစ်မီးဖြန့်ဖြူးပေးထားမှာဖြစ်ပါတယ်။

အဲ့ဒီအလှည့်ကျ မီးဖြတ်တောက်မယ့်စနစ်အရ မနက်ပိုင်း၊နေ့လယ်ပိုင်းအလုပ်ချိန်တွေမှာ မီးပျက်ချိန်ပိုများလာ မှာဖြစ်ပြီး အရင်တနေ့ လေးနာရီပျက်နေရာ ကနေ ခုနစ်အထိပျက်မှာဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိမှာလည်း အလှည့်ကျ လျှပ်စစ်ဖြန့်ဝေနေတဲ့ စ နစ်ဟာ အချိန်တိကျမှုမရှိဘဲ နာရီနဲ့ချီ ဆက်တိုက်ပြတ်တောက်တာမျိုးတွေ လည်းရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေ ကပြောပါတယ်။

လက်ရှိအလှည့်ကျ မီးပေးစနစ်မှာတောင် ရန်ကုန်မြို့က CNG ဂတ်စ်ဆိုင်တွေမှာ ဂတ်စ်ဖြည့်ဖို့အတွက် သုံးနာရီ လောက်ကြာအောင် တန်းစီစောင့်ဆိုင်းရတာတွေရှိနေပြီး မီးပျက်ချိန်ပိုလာရင် အခက်အခဲပိုဖြစ်လာနိုင်တယ်လို့ CNG ဓာတ်ငွေ့သုံးအငှားယာဉ်မောင်းတဦးကပြောပါတယ်။

“ဂတ်စ်ဆိုင်တွေက မီးလာမှဂတ်စ်ရတာ၊အခုတရက်တကြိမ်လောက်လာတဲ့မီးတောင် တခါတန်းစီရင် နှစ်နာရီ ကျော်၊သုံးနာရီကျော်လောက်ကြာတာ၊အခုတရက် နှစ်ကြိမ်မီးပျက်ရင် ကျွန်တော်တို့ငတ်ဖို့ပဲရှိတော့မယ်၊အခုက အုံနာကြေးကလည်းများ၊များလို့ပြန်အပ်ရင် နောက်ယူမယ့်သူက အဆင်သင့်ရှိနေတော့ လက်ရှိကားကိုင်ထားတဲ့သူ တွေက အခုဆုတ်လဲဆူး၊စားလဲရူးဖြစ်နေပြီ”လို့ သူကဆိုပါတယ်။