မတ်၊ ၃
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မတ်လ ၃ရက်နေ့မှာ မုံရွာမြို့ဘုရားနီ အနီးမှာငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီကပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်ဒေသခံပြည်သူ ၉ဦးထက်မနည်းကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် ၂နှစ်ပြည့်ပြီဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မုံရွာမြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြား ကျဆုံးသွားသူတွေအတွက် တော်လှန်ရေးအင်အားစုတွေက လွမ်းဆွတ် တသဦးညွှတ်ဂါဝရ အလေးပြုတဲ့ လှုပ်ရှားမှုတရပ်ကိုလည်း မုံရွာမြို့ကတော်လှန်ရေးအင်အားစုကလူငယ်တွေပြုလုပ်ခဲ့ကြပါတယ်။
” အဲဒီနေ့က ကျွန်တော်က ဒိုင်းကာအဖွဲ့နဲ့အတူအရှေ့ဆုံးမှာရှိနေတယ်။ ကျွန်တော်တို့မျှော်လင့်ထားတာကNLD အစိုးရလက်ထက်မှာ လာသင်ပေးထားတဲ့ ပဋိပက္ခနှိမ်နှင်းရေးပုံစံနဲ့ တဆင့်ချင်းလုပ်မယ်ထင်ထားတာ။ တကယ်တမ်းကျတော့ မီးခိုးဗုံးတွေကိုတောင် ကျော်ပြီး လူအုပ်ကိုပစ်တာ ပြေးပေါက်တောင်မရှိတော့ဘူး။ တော်တော်ဆိုးဆိုးရွားရွားပဲ၊ မျက်လုံးကာဗာတွေတပ်ထားတာတောင် လူအုပ်ကြားထဲမူးမေ့လဲကြတယ်။အခုအချိန်ထိ ဒီနေ့ရောက်တိုင်းမျက်လုံးထဲက မထွက်တဲ့မြင်ကွင်းတွေကခြောက်လှန့်နေတုန်းပဲ” လို့ အဲဒီနေ့ကဘုရားနီသပိတ်မှာ ရှိခဲ့တဲ့ မုံရွာဒေသခံ ကိုအောင်နေမျိုးက ပြောပါတယ်။
အဲဒီနေ့မှာတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြား ကဗျာဆရာ ကေဇဝင်းအပါအဝင် တက္ကသိုလ်ကျောင်းသား၊ ကျောင်သူတွေနဲ့ ဒေသခံ ၉ဦးကျဆုံးခဲ့ပါတယ်။
” ကျွန်မ သပိတ်ထဲက လူငယ်တွေကိုခေါ်ပြီးလွတ်ရာရှောင်နေတုန်း၊ ကိုယ်ချစ်ခင်ရတဲ့ အစ်မက အသိအိမ်ရှေ့မှာ ခေါင်းကိုပစ်ခံလိုက်ရတာမြင်ပြီးကတည်း စစ်အာဏာရှင်ရဲ့လက်ပါးစေလုပ်ရပ်ကို ရွံရှာမုန်းတီးခဲ့ရတယ်။ လမ်းပေါ်မှာသွေးမြေကျနေတာတွေကိုမြင်ပြီး နာကျည်းခဲ့တာ။ အဲဒီနေ့ကစပြီး လက်နက်ကိုင်တော်လှန်ရေးထဲပါဖို့ဆုံးဖြတ်ခဲ့တာ” လို့ မုံရွာဒေသခံ လူငယ်တဦးဖြစ်တဲ့ သော်သော်က DNA ကိုပြောပါတယ်။
ဒါ့အပြင် ၂နှစ်တာကာလအတွင်း စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ တနေ့ထက်တနေ့ ပိုပြီးဆိုးရွားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်နဲ့ပြည်သူတွေအတွက် တရားမျှတမှုပြန်ရှာနိုင်ဖို့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရရာနေရာကပါဝင်ပေးဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်။