ရခိုင် (ရက္ခိုင်)

မတ်၊ ၂
 
• အင်္ဂလိပ်တို့ မြန်မာပြည် တစ်ပြည်လုံး သိမ်းပိုက်ပြီးနောက်တွင်လည်း ရခိုင်တိုင်း အုပ်ချုပ်ရေးကို ပြည်မနှင့် တွဲထားခဲ့သည်။ ချင်း၊ ကချင်၊ ရှမ်းတို့ ကဲ့သို့ ပြည်မနှင့် ခွဲ၍ အုပ်ချုပ်ခဲ့ခြင်း မရှိပေ။
 
• အင်္ဂလိပ်လက်အောက်ခံဘဝဖြင့် ၁၂၃ နှစ်ကြာ နေခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ပြည်မနှင့် အတူ လွတ်လပ်ရေးရခဲ့ပြီး ၁၉၄၇ အခြေခံဥပဒေအရ ရခိုင်တိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၇၄ ခုနှစ်တွင် ထွက်ပေါ်လာခဲ့သော အခြေခံဥပဒေအရ ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်။
 
• ရခိုင်စကားသည် ဗမာစကားနှင့် ရင်းမြစ်တူသည်များ ရှိသကဲ့သို့ အသုံးမတူသည်များလည်း ရှိသည်။ ရခိုင်စကားတွင် စစ်တွေသံနှင့် ရမ်းဗြဲသံဟု နှစ်မျိုးရှိပြီး အသံထွက် အနည်းငယ် ကွာခြားသည်။ သို့သော် အမ်းဒေသရှိ ရခိုင်များက ရခိုင်စကား မပြောကြ။ ဗမာစကားကို ရခိုင်လေနှင့် ပြောကြသည်။
 
• ရခိုင်စာပေသည် မဇ္ဈိမဒေသမှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဗြဟ္မီပွား အက္ခရာအရေးအသားကို ရခိုင်တွင် အေဒီ ၆ ရာစုခန့်က စတင် တွေ့ရှိခဲ့ရပြီး ရှေးဦးရခိုင်အက္ခရာ အရေးအသားနှင့်ဆင်သော ပုံသဏ္ဍာန်ကို အေဒီ ၈ ရာစု၌ စတင်တွေ့ရှိရသည်ဟု ဆိုသည်။ အေဒီ ၁၀၀၀ မတိုင်မီက ရခိုင်၌ အသုံးပြုသည်မှာ ပါဠိနှင့် သက္ကတ ဘာသာများဖြစ်သည်။
 
• ရခိုင်ဘာသာစကားကို အခြေခံသော ရခိုင်စာပေသည် အေဒီ ၁၁ ရာစုမှစ၍ ပီပြင်လာပြီး ကျောက်စာ၊ ပျို့၊ လင်္ကာ၊ ဧချင်း၊ ရတု၊ သာချင်း၊ လျှောက်ထုံးများနှင့် ဝေဆာခဲ့သည်ဟု ဆိုသည်။ ၁၅ ရာစုမှ ၁၇ ရာစု အကြား ကာလသည် ရခိုင်စာပေ အဖွံ့ဖြိုးဆုံး ဖြစ်သည်။
 
ကောက်နုတ်ချက်။ ။
 
ဤအချက်အလက်များကို မောင်မောင်စိုး၏ မြောက်ဦးစစ်တမ်း စာအုပ်မှ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို ရွှေနဒီ စာပေက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေထားပြီး စာမျက်နှာ ၁၈ မှ ၁၉ အထိ ဖော်ပြချက် တချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။