အချုပ်ကားဖောက်ပြေးသူတွေထဲက သုံးဦးပြန်ဖမ်းခံရ၊တဦးသေဆုံး

မတ်၊ ၂

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်ကအချုပ် သားတွေကို ရုံးထုတ်ပြီးအပြန်မှာအချုပ်ကားဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားသူတွေထဲက တဦးပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးသွားသလို နောက်ထပ်နှစ်ဦးကတော့ အရှင်ပြန် လည်ဖမ်းဆီးခံလိုက်ရတယ်လို့ ရမည်းသင်းမြို့ပေါ်က စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် စစ်အုပ်စုက ဖြစ်စဉ်ဖြစ်ပွားရာအနီးတဝိုက် ပတ်ဆို့ရှာဖွေတာတွေလုပ်ခဲ့တာကြောင့် ဂွေးပင်ရွာအနီးမှာ တဦးပစ်သတ်ခံရတာလို့ သိရပါတယ်။

“ဖြစ်စဉ်ဖြစ်ပြီး သုံးဦးပြန်မိတယ် တယောက်ကအ သေ နှစ်ယောက်က အရှင်ပါ၊အဲဒီမှာပါတဲ့ ရဲတွေအရေးယူခံရမှုအခြေအနေတော့ မသိရသေးဘူး၊အ ချုပ်သားတွေထွက်ပြေးတယ်ဆိုရင်တော့ အရေးယူခံရတာတွေရှိပါတယ် ” လို့ စစ်အုပ်စုနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

ရမည်းသင်းအကျဉ်းထောင်က အချုပ်သား ၂၀ ဦးလောက်ကို မနေ့ မတ်လ ၁ ရက်က နေပြည်တော်တရားရုံးတွေမှာရုံးထုတ်စစ်ဆေးပြီး အပြန် ညနေပိုင်း တပ်ကုန်းမြို့နယ် ရှောက်ကုန်းရွာအနီး ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် ၂၄၆ အနီးမှာ အချုပ်ကားခဏရပ်ချိန်အကျဉ်းသားတွေက ထွက်ပြေးခဲ့ကြတာလို့သိရပါတယ်။

အချုပ်ကားအနောက်ခန်းမှာ လိုက်ပါလာတဲ့ရဲတပ်ဖွဲ့ဝင် တဦးဆီက သေနတ်ကို အချုပ်သားတွက ရယူခဲ့ပြီး ကားပေါ်ကထွက်ပြေးခဲ့တာကြောင့် အမျိုးသား ကိုးဦးလွတ်မြောက်ခဲ့တာလို့ သိရပါတယ်။လက်ရှိမှာ ထွက်ပြေးလွတ်မြောက်သွားသူ ကိုးဦးထဲက သုံးဦးဖမ်းဆီးခံခဲ့ရပြီး ခြောက်ဦးလွတ်မြောက်နေ

ဆဲဖြစ်သလို အဲဒီဖြစ်စဉ်မှာ စစ်အုပ်စု လက်အောက်ခံ ရဲတပ်သားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။အချုပ်ကားပေါ်က ထွက်ပြေးခဲ့သူအားလုံးနိုင်ငံရေးအကျဉ်းသားတွေဟုတ်မဟုတ်နဲ့ ဘယ်သူတွေလွတ်မြောက်သွားတယ်ဆိုတာတော့အတိအကျ မသိရသေးပါဘူး။

အဲဒီဖြစ်စဉ်အပြီး ရမည်းသင်းမြို့ပေါ်မှာ စစ်အုပ်စုက စစ်ဆေးမှုတွေကို ထူးထူးခြားခြားတိုးမြင့်လုပ်ဆောင်တာတွေ မရှိသေးပေမယ့် မြို့အဝင်အထွက်တွေမှာတော့ စစ်ဆေးမှုတွေလုပ်နေတာရှိတယ်လို့ ဒေသခံ တဦးကဆိုပါတယ်။

မန္တလေး၊ အမရပူရမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ် စက်တင်ဘာလကုန်ပိုင်းက ကျောက်ဆည်ရဲစခန်းကနေအိုးဘိုထောင်ကိုလာတဲ့ ရဲအချုပ်ကား ချုံခိုပစ်ခတ်တိုက်ခိုက်ခံရပြီး ကားပေါ်ပါ နိုင်ငံရေးအကျဉ်းသားရှစ်ဦးထဲက နှစ်ဦးလွတ်သွားဖူးပါတယ်။