ဇေယျာမြေမှာ စစ်အုပ်ချုပ်ရေးတလကြာသောအခါ

မတ်၊ ၂

လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစလို့လက်ရှိ အချိန်အထိ ရွာမီးရှို့ဖျက်ဆီးမှုနဲ့ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်နေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ နိုင်ငံတဝန်းက ၃၇မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာရာမှာ စစ်ကိုင်းတိုင်းက (၁၁) မြို့နယ်အထိပါဝင်ပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက်မှာနောက်ထပ် သုံးမြို့နယ်ထပ်တိုး ကြေညာ တာ ကြောင့် လက်ရှိစစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးနဲ့ကိုင်တွယ်ခံနေရတဲ့မြို့နယ် ၁၄ခုအထိ ရှိပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေမှာ စစ်ကောင်စီကစစ်ကြောင်းနှစ်ခုညှပ်ပြီး စစ်ကြောင်းထိုးတဲ့နည်းကို သုံး လာတယ်လို့ ယင်းမာပင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်ထူးအောင်ကပြောပါတယ်။

“စစ်ကြောင်းတွေကအရင်ကနဲ့စာရင်နှစ်ဘက်ညှပ်စစ်ကြောင်းထိုးတော့ ပြည်သူတွေဒုက္ခရောက်တယ်၊ သူတို့က ဒေသကာကွယ်ရေးတပ်တွေထက်ပြည်သူကိုပိုဒုက္ခပေးဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်‌၊ဒေသကာကွယ်ရေးတပ်တွေကိုပြည်သူတွေကထောက်ပံ့တာလို့ယူဆလို့”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့ပေါ်ဒေသတွေနဲ့ အချက်အချာကျတဲ့လမ်းဆုံးလမ်းဂွတွေမှာ စစ် အုပ်စုက စစ်ဆေးမှုတင်းကျပ်တာ၊ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်တာတွေပိုလုပ်လာတယ်လို့ ဆားလင်းကြီးမြို့နယ်အ ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုကြောင့် ခုခံတွန်းလှန်မှုအရှိန်လျော့ကျသွားမှာမဟုတ်ပေမယ့် စစ်ကောင်စီကပိုလုပ် လာ မယ့်ဖိနှိပ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေကိုသတိပြုရှောင်ရှားကြဖို့တော့လိုတယ်လို့ စစ်ကိုင်းတိုင်း က တော်လှန်ရေးအင်အားစုတွေက သတိပေးထားကြပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ ခုကိုပထဝီအနေအထားအရ အကြမ်းဖျင်းအားဖြင့် အုပ်စုသုံးခုခွဲလို့ရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ ပထဝီအရနီးစပ်တဲ့ မြို့နယ်လေးခု၊မူးမြစ်ဝှမ်းဒေသမြို့နယ်ခြောက်ခုနဲ့ စစ်ကိုင်းတိုင်းရဲ့ အုပ်ချုပ်ရေးမြို့တော် မုံရွာတဝိုက်က ချင်းတွင်း၊ဧရာဝတီမြစ်တွေနဲ့ နီးစပ်တဲ့မြို့နယ်လေးခုအဖြစ် မြေပုံပေါ်မှာမြင်ရမှာပါ။

အာဏာသိမ်းပြီးနောက် အခုနှစ် ဇန်နဝါရီလကုန်အထိ စစ်အုပ်စုကစစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃၀၀၀ ကျော်မီးရှို့ ဖျက်ဆီးခဲ့ပြီး အဲ့ဒီအထဲက ထက်ဝက်ကျော်ဟာ အခုစစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ်တွေကဖြစ်ပါ တယ်။စစ်ကိုင်းတိုင်းမှာ စုစုပေါင်း ၃၇မြို့နယ်ရှိပြီး ၃၂မြို့နယ်မှာ စစ်တပ်က နေအိမ်မီးရှို့မှုတွေလုပ်ထားတာပါ။

 အင်းတော်၊ဗန်းမောက်၊ပင်လယ်ဘူး၊ကောလင်းစစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်၊ဗန်းမောက်၊ပင်လယ်ဘူးနဲ့ကောလင်းဒေသတွေဟာ ကချင် ပြည် နယ်၊ရှမ်းပြည် နယ်တွေနဲ့ နီးစပ်ပြီး KIA၊PDF တွေ လှုပ်ရှားမှုရှိသလို ရှမ်းနီလက်နက်ကိုင်တပ် SNA လည်း လှုပ်ရှားမှုရှိတဲ့ ဒေသဖြစ်ပါတယ်။

ဒီမြို့နယ်လေးခုလုံးမှာ စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးတယ်ဆိုတဲ့အချက်အလက်သိပ်မတွေ့ရဘဲ ထိတွေ့တိုက်ပွဲတွေပိုဖြစ်လေ့ရှိပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းလည်း မကြာမကြာကြားရတတ်ပါတယ်။

အာဏာသိမ်းကာလအတွင်း ဒီလေးမြို့နယ်က နေအိမ် ၈၂၀ ကျော်မီးရှို့ခံခဲ့ရတယ်လို့ Data For Myanmar ရဲ အချက်အလက်တွေအရသိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်နှစ်ရက်အကြာ ဖေဖော်ဝါရီ ၄ရက်ကစလို့ အဲ့ဒီဒေသထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ် ခတ်မှုတွေ လည်းလုပ်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် အင်းတော်၊ကောလင်းနဲ့ ဝန်းသိုမြို့ နယ်ထိစပ်ဒေသတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် ကြရပါတယ်။

ကန့်ဘလူနယ် ကိုးတောင်ဘို့ရွာဟာ စစ်ကောင်စီဘက်က ခြေကုပ်စခန်းတခုဖြစ်ပြီးအဲ့ဒီရွာမှာ စစ်ကောင်စီနဲ့ပျူ စောထီးတွေအထိုင်ချတပ်စွဲထားလေ့ရှိသလို အဲ့ဒီရွာကနေ ကန့်ဘလူ၊ကောလင်း၊ကျွန်းလှနယ်တွေထဲ စစ် ကြောင်းထိုးတာလည်းလုပ်လေ့ရှိပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကောလင်းနယ်က ကြူတောရွာနဲ့ ပေကုန်းရွာတွေက နေအိမ်တွေကို စစ် တပ်က မီးရှို့ခဲ့ပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ ၁၇ရက်ကကျောက်ပျဉ်သာတိုက်နယ် တောင်ပလူရွာမှာ တိုက်ပွဲ ဖြစ်ပြီးနောက် အဲ့ဒီရွာအနီး ကသစ်ကုန်းရွာက ရွာခံ ၁၇ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ Kawlin Revolution-KR က ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၇ဦးကို စစ်ကောင်စီ တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကိုမီးရှို့ဖျောက်ဖျက်ခဲ့တယ်လို့ဖော်ပြပါတယ်။

အင်းတော်မှာတော့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တပတ်အကြာ ဖေဖော်ဝါရီ ၉ရက်မှာ မဲဇာရွာ ရဲစခန်း ရှေ့မှာ ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။ ပစ်သတ်ခံရသူဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ အလယ်ဆိပ်ရွာသား အသက် (၄၅)နှစ်အရွယ် ကိုစိုးနိုင်ဖြစ်ပြီး မဲဇာရွာကနေ အလယ်ဆိပ်ရွာကို ညအချိန် ပြန်ရာက ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

ကမ်းနီရွာသား အသက် (၂၆)နှစ်အရွယ်ကိုမင်းမင်းဦး(ခ)လမင်းကိုလည်း ဖေဖော်ဝါရီ ၈ရက်က ဆိုင်ကယ်နဲ့ သွားလာနေချိန် ဖမ်းဆီးပြီးနောက်PDFတပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဆိုကာ စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်းချခဲ့ပါတယ်။

ခင်ဦး၊တန့်ဆည်၊ရေဦး၊ရွှေဘို၊ဝက်လက်၊အရာတော် မူးမြစ်ဝှမ်းဒေသက ဒီမြို့နယ်ခြောက်ခုကိုတော့ စစ်ကြောင်းထိုးမီးရှို့ခံရဆိုတဲ့သတင်းတွေနဲ့ တရင်းတနှီးရှိနေ ကြပြီးသားဖြစ်မှာပါ။ဒီထဲက တန့်ဆည်မြို့နယ်ဟာ နေအိမ် ၃၆၀၀ကျော်မီးရှို့ခံထားရပြီး အိမ်ခြောက်ထောင် ကျော် မီးရှို့ခံရတဲ့ ဒီပဲယင်းပြီးရင် တနိုင်ငံလုံးမှာအရေအတွက် အများဆုံးဖြစ်ပါတယ်။

မူးမြစ်အနောက်ဘက်ကမ်းက အရာတော်ကလွဲလို့ ဒီအုပ်စုထဲကကျန်တဲ့မြို့နယ်တွေမှာ စစ်ကြောင်း ထိုးမီးရှို့ မှုတွေဟာ တဆက်တည်းဖြစ်လေ့ရှိပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီ ၁၁ရက်ကစလို့ခင်ဦးမြို့နယ်အတွင်း ကကျေးရွာတွေကို စစ် အုပ်စုက အင်အားတရာဝန်းကျင်ပါစစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ ဆက်လုပ်နေပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးတာကြောင့် ကျေးရွာဆယ်ရွာထက်မနည်းကဒေသခံ တသောင်းလောက် ထွက်ပြေး တိမ်းရှောင်ကြရသလို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလအတွင်း ရွာ၁၂ရွာက နေအိမ်ရှစ်ရာ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂နှစ်ကုန်ပိုင်းနဲ့ အခုနှစ် ဇန်နဝါရီလအတွင်း ကျေးရွာဆယ်ချီမီးရှို့ခံခဲ့ရတဲ့ ရေဦးမြို့နယ်မှာတော့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်တာမျိုး မတွေ့ရ ပါဘူး။

ရွှေဘိုမြို့နယ်မှာတော့ ဇန်နဝါရီလက စစ်ကြောင်းထိုးရွာမီးရှို့မှုသုံးကြိမ်လုပ်ခဲ့တဲ့ စစ်အုပ်စုဟာ စစ်အုပ်ချုပ်ရေး ကြေညာ ပြီးနောက် ဖေဖော်ဝါရီလအတွင်း ရွာပေါင်းဆယ်ရွာထက်မနည်းကို  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဝက်လက် နယ်က ကျေးရွာတချို့လည်း ဖေဖော်ဝါရီ လအတွင်း ထပ်မံမီးရှို့ခံခဲ့ရပါတယ်။

ရွှေဘိုနယ်ထဲက ထူးကြီးကျေးရွာကို စစ်အုပ်စုက ဖေဖော်ဝါရီ ၂၀ရက်ကမီးတင်ရှို့ရာမှာ နေအိမ်နှစ်ရာဝန်းကျင် အပြင် မိရိုးဖလာလုပ်ကိုင်လာတဲ့ ယက္ကန်းစင်တွေကိုလည်း ဖျက်ဆီးခဲ့တာကြောင့် ယက်ကန်းရုံရာချီမီးလောင်ပျက် စီးခဲ့ပါတယ်။

မုံရွာမြို့အရှေ့ဘက် မူးမြစ် အနောက်ဘက်ကမ်းက အရာတော်မြို့ကိုတော့ ဖေဖော်ဝါရီ ၂၂ရက်ညပိုင်းမှာ စစ်အုပ် ချုပ်ရေးကြေညာခဲ့ပြီး အဲ့ဒီနေ့နဲ့နောက်တရက် နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။ အရာတော်မင်းရွာအနီးတိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိနာလို့ ဖေဖော်ဝါ ရီ ၂၂ရက်မှာလေကြောင်းကပစ်ခတ်ခဲ့ တာဖြစ်ပြီး နောက်တရက်မှာတော့ တိုက်ပွဲမဖြစ်ဘဲ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေရှိမယ်လို့ယူဆတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အရာတော်ဒေသခံတွေကပြောပါတယ်။

မြောင်၊ဆားလင်းကြီး၊ပုလဲ၊ယင်းမာပင် စစ်အုပ်ချုပ်ရေး မထုတ်ပြန်ခင်ကရော ထုတ်ပြန်ပြီးနောက်မှာပါ ဒီလေးမြို့နယ်လုံးမှာတိုက်ပွဲတွေနဲ့ စစ်အုပ်စု ဘက်က စစ်ကြောင်းထိုးမီးရှို့မှုတွေရှိနေပါတယ်။စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလ ဆန်းပိုင်း မှာ ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးခဲ့ပြီး လလယ်နဲ့လကုန်ပိုင်းတွေမှာတော့ ပုလဲနဲ့ယင်းမာပင်နယ်တွေ ထဲဆက်ဝင်ပါတယ်။

ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့မှတ်တမ်းတွေအရ စစ်အုပ်စုဟာဖေဖော်ဝါရီလအတွင်း ဆား လင်း ကြီးမှာ မြို့ပေါ်မြေဇွန်ရပ်ကွက်နဲ့ မြို့အနီးတဝိုက်ရွာတွေဆီစစ်ကြောင်းထိုးဝင်ရောက်မှုရှိခဲ့ပြီး ငွေသာရွာသစ်နဲ့ ရွာဟောင်းတို့ကနေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။

ဆားလင်းကြီးမြို့တောင်ဘက် မကွေးတိုင်းရေစကြိုနယ်အစပ်ကငွေသာရွာကိုစစ်အုပ်စုက ဖေဖော်ဝါရီ ၁၂ ရက် မှာ မီးရှို့ခဲ့တာ ဖြစ်ပြီး အဲ့ဒီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တဲ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲ ဖြစ်ရာမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

ပုလဲနယ်ကိုလည်း စစ်အုပ်စုက ဖေဖော်ဝါရီ ၁၂ရက်ကစပြီး စစ်ကြောင်းထိုးလို့ ရွာ ၁၄ရွာလောက်က ပြည်သူ တသောင်းဝန်းကျင်ယာယီတိမ်းရှောင်ခဲ့ရပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲနယ်အတွင်း ရွာသုံးရွာက နေအိမ် ဆယ်လုံးကျော်၊ကျေးလက်ဆေးပေးခန်းနဲ့ စာသင်ကျောင်းတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ယင်းမာပင်နယ်မှာတော့ စစ်ကြောင်းထိုးတာအပြင် လေကြောင်းတိုက်ခိုက်မှုပါလုပ်ခဲ့တာပါ။စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်စစ်ကြောင်းထိုးမှုတွေထဲ ကုန်းကျေးရွာမီးရှို့ခံရမှုဟာ ဒေသခံတွေဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ ပါတယ်။

နေအိမ် ၇၀၀ လောက်ရှိတဲ့အဲ့ဒီရွာကို ဖေဖော်ဝါရီ ၂၈ရက်မှာ မီးရှို့လို့ တရွာလုံးနီးပါးပြာကျခဲ့သလို ဒေသခံ သုံးဦးသတ်ဖြတ်ခံရပြီး လေဖြတ်နေတဲ့ သက်ကြီးရွယ်အိုအမျိုးသားတဦးလည်း ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့ပါတယ်။ သတ်ဖြတ်ခံရသူသုံးဦးထဲကနှစ်ဦးဟာ ကုန်းကျေးရွာသားတွေဖြစ်ပြီးတဦးကတော့ အင် တောရွာကဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ကုန်းရွာကို မီးရှို့တဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ ရွာကိုမီးမရှို့ခင်နဲ့မီးရှို့ပြီးနောက် တိုက်ပွဲနှစ် ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုက တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးရင်းပစ်ခတ်လို့ အထက်နန်းငါးကျေးရွာက အမျိုးသမီးတဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ PDF စခန်းထဲရောက်နေ တာမသိဘဲ စခန်းကို ပြန်လာမိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်ကြားချင်းတွင်းမြစ်အနောက်ဘက်က ကျောက်မျက်တောင်တိုက်ပွဲ ကတော့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဒီဒေသမှာ တော်လှန်ရေးတပ်တွေဘက်က အသာရခဲ့ပြီးထင်ရှား တဲ့တိုက်ပွဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းချထားတဲ့ ကျောက်မျက်တောင်ကစခန်းငယ်တခုကို တော်လှန်ရေးတပ်တွေ ကဖေဖော်ဝါရီ ၁၉ရက်မှာ စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး နင်းမိုင်း၊ရှေ့ထွက်မိုင်း၊လက်ပစ်ဗုံးတွေနဲ့ ဒရုန်းပစ်သေနတ် တလက်တို့ကိုသိမ်းဆည်းနိုင်ခဲ့ပါတယ်။

ခုခံတော်လှန်မှုအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းကိုစစ်ကောင်စီက စစ်အုပ်ချုပ်ရေးနဲ့တင်းတင်းကျပ် ကျပ်ကိုင် တွယ်ဖိနှိပ်ဖို့ပြင်ဆင်ခဲ့တာပါ။လက်တွေ့လည်း စစ်ကြောင်းထိုးမီးရှို့မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေဆက်တိုက် လုပ်နေပေမယ့် အညာလွင်ပြင်ဇေယျာတိုင်းက ခုခံတွန်းလှန်အရှိန််အဟုန်ကတော့ ဆက်လက်အားကောင်းနေ ဆဲပါ။

အဲ့ဒီအချက်ကို မြေပြင်သပိတ်လှုပ်ရှားမှုတွေကဖော်ပြပါတယ်။နေအိမ်သောင်းနဲ့ချီအပြင် လယ်ယာသုံးစက် ကိ ရိယာတွေ၊ဆန်စပါးတွေအပါအဝင် ရိက္ခာ၊အဝတ်အထည်ကစလို့ ကုန်းကောက်စရာမကျန်အောင် ဖိနှိပ်ခံနေ ရပေမယ့် စစ်ကိုင်းမှာ လူထုသပိတ်လှုပ်ရှားမှုတွေအခုအချိန်အထိ ဆက်ရှိနေဆဲပါ။

လက်ရှိစစ်ကိုင်းတိုင်းက စစ်အုပ်ချုပ်ရေး ၁၄မြို့နယ်ထဲက မြို့နယ်အများစုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သ ပိတ်လှုပ်ရှားမှုတွေ နေ့စဉ်ရှိနေဆဲဖြစ်ပါတယ်။စစ်ကောင်စီ စစ်အုပ်ချုပ်ရေးထုတ်ပြန်ချက်ဟာ လက်နက်မဲ့ လူ ထုသပိတ်လှုပ်ရှားမှုတွေကိုတောင် မရပ်တန့်နိုင်တဲ့သဘောဖြစ်ပါတယ်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုစစ်ငြိမ်းကတော့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ပတ် သက်ပြီးသူ့အမြင်ကို အခုလိုပြောပါတယ်။

“အုပ်ချုပ်လို့မရတာကိုသိရဲ့သားနဲ့အရှက်ပြေသဘောမျိုးစာထုတ်ပြီးတော့ စစ်အုပ်ချုပ်ရေးဆိုပြီးကြေညာ နေ တာ၊ မြေပြင်မှာသူတို့အနေနဲ့ဘယ်လိုမှမထိန်းချုပ်နိုင်တော့ဘူး”