ဂါနာချိုရဲ့ ကစားသမားဘဝ နောက်တဆင့် တက်လှမ်းနေပြီလို့ တန်ဟက်ဂ် ချီးကျူး

မတ်၊ ၂

ဆယ်ကျော်သက် လူငယ်လေး အလက်ဂျန်ဒရို ဂါနာချိုဟာ ကစားသမား ဘဝမှာ နောက်ထပ် အဆင့်တခုကို တက်လှမ်းလာနိုင်ခဲ့ပြီလို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ချီးကျူးသွားခဲ့ပါတယ်။

 ကာရာဘောင်းဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားပြီး ၆ နှစ်ကျော်ကြာ ဖလားလက်မဲ့ ကာလကို အဆုံးသတ်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ အက်ဖ်​အေ ရှုံးထွက်ဖလား ပြိုင်ပွဲမှာလည်း ဝက်စ်ဟမ်း ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းခဲ့ပါတယ်။

 ဒီပွဲမှာ ဝက်စ်ဟမ်းအတွက် ဆာ့ဒ် ဘန်ရာမာက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့်လည်း ယူနိုက်တက် အားထည့် ကစားလာချိန်မှာ ဘယ်လိုမှ တောင့်မခံနိုင်တော့ပါဘူး။ ဒါကြောင့် နာယက်ဖ် အက်ဂူဒ်က ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပြီး နောက်တော့ ဂါနာချိုနဲ့ ဖရက်ဒ်တို့က ယူနိုက်တက်အတွက် အနိုင်ဂိုးတွေ ဆက်တိုက် ရယူသွားခဲ့ပါတယ်။

 အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အာဂျင်တီးနားသားလေး ဂါနာချိုဟာ အခုပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခွင့် ရခဲ့သလို သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ စတုတ္ထမြောက် သွင်းဂိုးကိုပါ လှလှပပ ကန်သွင်းပြခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဂါနာချိုက နောက်ထပ် ခြေတလှမ်း တိုးလာတာကို မြင်ခွင့် ရခဲ့ကြောင်း၊ ပွဲမစခင် ကတည်းက ဂါနာချိုနဲ့ စကားပြောဖြစ်ခဲ့ရာမှာ သူပွဲကစားခွင့်ရတိုင်း သက်ရောက်မှု တခုခုကို ပြခဲ့ပေမယ့် ပွဲထွက် ကစားသမား အနေနဲ့တော့ ပိုပြီး မြင်သာတဲ့ စွမ်းရည်မျိုး ပြဖို့လိုတယ်လို့ အကြံပြုခဲ့ကြောင်း နယ်သာလန်သား မန်နေဂျာ တက်ဟက်ဂ်က ဆိုပါတယ်။

 ဂါနာချိုဟာ အဲဒီအချက်နဲ့ ကိုက်ညီအောင် လုပ်ပြခဲ့ပြီး သူ့ကစားသမား ဘဝအတွက် နောက်ထပ် အဆင့်တခုဆီ ခြေလှမ်းစလိုက်ပြီလို့ ခံစားမိကြောင်း၊ သူဟာ ဘောလုံးကို ကျွမ်းကျင်မှု အပြည့်နဲ့ ကစားနိုင်သလို အကြောက်တရားလည်း မရှိကြောင်း၊ ပြိုင်ဘက်တွေကို သတ္တိရှိရှိ ကျော်ဖြတ်ရဲတဲ့ သတ္တိနဲ့ အရည်အသွေးမျိုး ကြွယ်ကြွယ်ဝဝ ပေါင်းစပ်ထားတဲ့ ဂါနာချိုလို ကစားသမားမျိုးလည်း ကမ္ဘာပေါ်မှာ များများစားစား မရှိနိုင်ကြောင်း တန်ဟက်ဂ်က ချီးကျူးသွားခဲ့ပါတယ်။

 တန်ဟက်ဂ်ဟာ ဂါနာချိုအပြင် အသင်းသားတွေဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယား၊ တိုင်ရဲလ် မာလာစီယာ၊ မာဆယ်လ် ဆာဘစ်တ်ဇာတို့ရဲ့ ခြေစွမ်း၊ အထူးသဖြင့် ဒုတိယပိုင်း စွမ်းဆောင်ရည် အတွက်လည်း အားရကြောင်းလည်း မှတ်ချက် ပေးသွားခဲ့ပါတယ်။