မတ်၊ ၂
အဲဗာတန်ကို ဂိုးပြတ် အနိုင်ယူပြီး အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ၅ မှတ်ဖြတ် ဦးဆောင်နေပေမယ့် အသင်းရဲ့ မဆုတ်မနစ် အားထုတ်လိုစိတ်ကို လုံးဝ လျှော့ချမပစ်လိုက်ဖို့ အရေးကြီးကြောင်း အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ အဲဗာတန်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ၄-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့နောက် အမှတ်ပေးဇယား ဒုတိယ နေရာက မန်ချက်စတာ စီးတီးကို ၅ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဂေဘရီရယ်လ် မာတီနယ်လီ၊ ဘူကာယို ဆာကာနဲ့ မာတင် အိုဒီဂတ်ဒ်တို့ ၃ ယောက်က ၄ ဂိုး သွင်းခဲ့ကြတာပါ။
ပွဲရဲ့ ရလဒ်ကို ကျေနပ်မိသလို ဒီအရှိန်အဟုန် ရပ်မသွားချင်ရင် ကစားသမားတွေဟာ သူတို့ရဲ့ အားထုတ်မှုကို လျှော့မပစ်လိုက်ဖို့ လိုကြောင်း၊ အာဆင်နယ်ဟာ မဆုတ်မနစ် ကြိုးစား အားထုတ်မှုကို ဆက်ပြီး ဆုပ်ကိုင်ထားမှ အနီးကပ် ပြိုင်ဘက်တွေရဲ့ ရှေ့ကနေ အသာစီး ယူထားနိုင်မှာဖြစ်ကြောင်း စပိန်သား မန်နေဂျာက ဆိုပါတယ်။
သိပ်မကြာခင် သီတင်းပတ်တွေက အဝေးကွင်းမှာ ရှုံးနိမ့်ထားဖူးတဲ့ ပြိုင်ဘက်မျိုးကို ကောင်းကောင်း ခြေစွမ်းပြပြီး အနိုင်ယူခဲ့တာ ကျေနပ်ဖို့ကောင်းကြောင်း၊ ဒီပွဲမှာ အာဆင်နယ်ဟာ စုစည်းမှု၊ နားလည်မှုနဲ့ ကစားကွက်အတိုင်း လိုက်လျောညီထွေ မျောပါမှုတွေကို အကောင်းဆုံး ပြသခဲ့ကြောင်း၊ အဲဗာတန်အပေါ် ကောင်းကောင်း စိုးမိုးထားပြီး ကျေနပ်စရာ နိုင်ပွဲမျိုး ရယူနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း အာတီတာက ပြောသွားပါတယ်။
အခုပွဲမှာ သူအကျေနပ်ဆုံး အချက်ကတော့ အာဆင်နယ်ဟာ ရင့်ကျက်မှုကို ပြသသွားတာ ဖြစ်တယ်လို့လည်း အာတီတာက မှတ်ချက်ပေးပါတယ်။ ပွဲရဲ့ အစပိုင်း အခြေအနေက ရှုပ်ထွေးခဲ့ပြီး အာဆင်နယ်ဟာ ဒီထက် ကောင်းကောင်း ကစားဖို့ လိုခဲ့ကြောင်း၊ ဒါပေမဲ့ ပြိုင်ဘက်ကို ၂ ဂိုးအသာထိ ရအောင်ယူပြီး ပွဲကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်လာနိုင်အောင် အသင်းသားတွေက ပြုပြင်ယူခဲ့ကြောင်း၊ အဲဒီအချိန်မှာတောင် ရောင့်ရဲမနေဘဲ နောက်ထပ် ဂိုးတွေ ထင်သွင်းဖို့ ဆာလောင်နေခဲ့တဲ့ အသင်းအတွက်လည်း အားရမိကြောင်း သူက ဆိုပါတယ်။
သူက လက်ရှိမှာ စီးတီးထက် ၅ မှတ် သာနေပေမယ့် အရေးကြီးတာက ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးမယ့် မေလကုန် ရပ်တည်မှုသာ ဖြစ်ကြောင်း၊ အာဆင်နယ်အတွက် လျှောက်ရမယ့်လမ်းက အရှည်ကြီး ကျန်နေသေးကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။