မတ်၊ ၁
စစ်ကောင်စီအုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်က ကြံ့ခိုင်ရေးအစိုးရလက်ထက် အမျိုးသားလွှတ်တော် ဒု တိယဥက္ကဌဦးမြငြိမ်းနေအိမ်ကိုလက်လုပ်ဗုံးနဲ့အပစ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
နေပြည်တော်စည်ပင်ဧည့်ရိပ်သာအနီးက ရွှေကြာပင်ရပ်ကွက်က မြစ်ငယ်လမ်းမှာနေထိုင်တဲ့ ဦးမြငြိမ်းအိမ်ကို ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၆နာရီခွဲကျော်မှာအပစ်ခံရတာလို့သိရပါတယ်။
” ဆိုင်ကယ်နဲ့ နှစ်ယောက်ရောက်လာပြီး ဗုံးပစ်သွားတာ။ဗုံးက နေအိမ်ရဲ့ လသာဆောင်ပေါ် ကျသွားတယ်လို့ ပြောတယ်။သွပ်ပြားတွေလောက်ပဲ ထိခိုက်မှုရှိပြီး အခြားထိခိုက်မှုတော့ မရှိဘူး။ဦးမြငြိမ်းကတော့ နေအိမ်မှာမရှိဘူး ။ခရီးသွားနေတယ်။အစောင့်တွေပဲ ရှိတယ်”လို့ဒေသခံတဦးပြောကြားချက်ကိုကိုးကားပြီး နေပြည်တော်သတင်းတွေ တင်ဆက်နေတဲ့ မြို့တော်သတင်းဌာနကဖော်ပြထားပါတယ်။
ဦးမြငြိမ်းဟာ အရင်စစ်အစိုးရလက်ထက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အနီးက Mandalay Paradise စားသောက်ဆိုင်မှာ ဒီကနေ့ည ၈နာရီခန့်ကဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
“အုန်းကနဲ တချက်ကြားတယ်။ အသေအပျောက်တောဘမသိရသေးဘူး။ ရဲတွေတော့ရောက်နေပြီ”လို့ ရွှေကြာပင်ရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။
အဲဒီပေါက်ကွဲမှုဟာ စားသောက်ဆိုင်က ဂတ်စ်အိုးပေါက်ကွဲတာလို့ ယူဆကြသူတွေရှိသလို လုံခြုံရေးတွေပိတ်ဆို့စစ်ဆေးနေတဲ့အတွက် ဗုံးပေါက်ကွဲတာလို့ယူဆတဲ့ဒေသခံတွေလည်းရှိပါတယ်။
အထိအခိုက်အသေအပျောက် ရှိ ၊မရှိမသိရသေူးပါဘူး။အခုလိုနှစ်ရက်ဆက်တိုက်ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။
နေပြည်တော်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ၂၂ရက်က လယ်ဝေးနဲ့ပျဉ်းမနားအရှေ့ဖက်တောင်ပေ်ကြောက အမှတ် ၂၀၃၁ ၊လေကြောင်းရန်ကာကွယ်ရေးတပ်ကို လက်နက်ကြီးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းအပြီးမှာ နေပြည်တော်က ပျဉ်းမနား၊လယ်ဝေးနဲ့တပ်ကုန်းစတဲ့မြို့တွေမှာ အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်ပိုင်မြဝတီဘဏ်တွေကို ဗုံးခွဲတိုက်ခိုက်တာတွေလည်းရှိခဲ့ပါတယ်။