မော်လမြိုင်မြို့မှာ နေအိမ်မီးလောင်ပြီး ကလေးငယ်တဦးနဲ့သက်ကြီးရွယ်အိုတဦးသေဆုံး

မတ်၊ ၁

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ဘဲကုန်းဈေးအနောက်ဘက်မှာ ဒီကနေ့ မတ်လ ၁ ရက်နေ့လယ်ပိုင်းကမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ကလေးငယ်တဦးနဲ့ သက်ကြီးရွယ်အိုတဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

” မီးစလောင်တဲ့ အိမ်ကသေဆုံးသူရှိတယ်။ လေဖြတ်နေတဲ့အဖိုးအတဦးနဲ့ ကလေးငယ်သေဆုံးသွားတယ်။ကလေးမိဘတွေအပြင်သွားနေချိန်ဖြစ်သွားတာ၊ ဝါယာရှော့လို့ ပြောတာကြားတယ်။ အခုတော့ မီးသတ်ဌာနက စစ်ဆေးနေတယ်” လို့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအသင်းကတာဝန်ရှိသူက DNA ကိုပြောပါတယ်။

 မီးလောင်မှုကြောင့်သေဆုံးတဲ့ကလေးငယ်ဟာ အသက် ၄နှစ်အရွယ်ရှိပြီဖြစ်ပြီး အဖိုးကတော့ အသက် ၈၀ ရှိပြီဖြစ်ကာ ရုပ်အလောင်းတွေကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်းဆက်သိရပါတယ်။

မီးလောင်မှုကြောင့် နေအိမ် လေးလုံးလည်းမီးလောင်ကျွမ်းခဲ့သလို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံပရဟိတအသင်းတွေက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကိုတော့ မီးသတ်ဦးစီးဌာနကထုတ်ပြန်တာမရှိသေးဘူးလို့သိရပါတယ်။