ပင်လောင်းတိုက်ပွဲဆက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုတွေအပြင် ဒေသခံတွေပါသေဆုံးနေ

မတ်၊ ၁

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO တို့ ကြား ၆ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးတွေရှိနေသလို ဒေသခံတချို့လည်း သေဆုံးမှုရှိနေတယ်လို့ မြေပြင်စစ်ရေးအခြေအနေရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဒီကနေ့အထိပင်လောင်းမြို့နယ်၊ တောင်မဲသင်း၊ လုံးပျဥ်၊ နန်းနိန်း၊ တောင်စလုံးနဲ့  မြောက်စလုံးကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး  မနေ့ဖေဖော်ဝါရီ ၂၈ ရက်မှာတော့စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါရှိခဲ့တယ်လို့ဆိုပါတယ်။“ဒီတိုက်ပွဲတွေမှာ စကစနဲ့ PNO က ကျဆုံးမှု များပါတယ်။ စကစဖက်၁၀ဦးကျော် တယ်လို့ပြောတယ်။

 အတိကျ တစ်ဖက်မှ မထုတ်ပြန်သေးလို့ မသိရသေးဘူး။ PDF ဘက်ကလည်း ကျတာ ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်ကျတယ်တော့ မကြားရသေးဘူးဗျ။ တိုက်ပွဲက ခုထိ ပြင်းထန်နေဆဲပါ။ စကစ နဲ့  PNO တပ်စွဲထားတဲ့ တောင်မဲသင်းရွာကို KNDF က ဝင်းသိမ်းတာ PNO နဲ့ စကစက နောက်ဆုတ်ရတယ်။ KNDF က သိမ်းနိုင်ပြီးတော့ စကစက မနေ့က လေကြောင်းနဲ့ နှစ်ကြိမ် ဗုံးလာကြဲတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်နေတဲ့ တောင်မဲသင်းရွာမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကဒေသခံသုံးဦးအသတ်ခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပြီး ဘယ်အဖွဲ့ရဲ့လုပ်ရပ်ဆိုတာတော့ မသိရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

အခုလိုဒေသခံတွေသေဆုံးတဲ့ဖြစ်စဉ်တွေအပြင် ပျောက်ဆုံးနေတဲ့ ဒေသခံလည်း သုံးဦးထက်မနည်းရှိနေတယ်လို့ ဆက်သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်စလုံးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၂၆ ရက်မှာတော့ တောင်မဲသင်းက ဒေသခံတစ်ဦးဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

လက်ရှိမှာတော့ တိုက်ပွဲအနီးကရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဆောင်းပြောင်း၊ နန်းထာ၊ ပင်ခွဉ်၊ ထီဗီ့၊ ကောင်လွို့၊ ဝါးလီး၊ ပင်လောင် အစရှိတဲ့ ရွာတွေကို စစ်ရှောင်နေကြရပါတယ်။ 

“အခု စစ်ရှောင်အသစ် ထပ်တိုးလာတာက ငါးထောင်ကျော်ပေါ့နော်။ အရေးပေါ် လိုအပ်တာက ဆန်၊ ဆီ၊ ဆား အဲဒါတွေပေါ့။ အမျိုးသမီးတွေဆိုရင်လည်း  တကိုယ်ရည် သုံးတွေ လိုပါတယ်။ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ အဖိုးအဘွားတွေအတွက်ကတော့ ဆေးဝါးတွေ လိုတယ်။ အခု တော်တော်များများ ရှောင်ရတာက အဝတ်တစ်ထည် ကိုယ်တခုနဲ့ ရှောင်ရတာပါ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ အဖိုးအဖွားတွေက စစ်ရှောင်တွေထဲ အများဆုံးပါပဲ။ သူတို့အတွက် အကူအညီပိုလိုအပ်နေတာပါ”လို့ စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။ 

လက်ရှိပင်လောင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ဒေသခံ ၅၀၀၀ ကျော်ဟာ စစ်ရှောင်တွေရှိနေပြီးသားဖြစ်တဲ့  ကရင်နီပြည်နယ် လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့ နေရာတွေကိုရောက်နေတဲ့အတွက် အကူအညီတွေ ပိုလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။